နှိပ်စက်မှုဒဏ်ဖြင့် သေဆုံးခဲ့သော အမျိုးသမီး၏ ကျန်ရှိမိသားစုကို ကရင်တိုင်းရင်းသားရေးရာဝန်ကြီး သွားရောက်တွေ့ဆုံ

နှိပ်စက်မှုဒဏ်ဖြင့် သေဆုံးခဲ့သော အမျိုးသမီး၏ ကျန်ရှိမိသားစုကို ကရင်တိုင်းရင်းသားရေးရာဝန်ကြီး သွားရောက်တွေ့ဆုံ
ဓာတ်ပုံ- Theint Ei အကောင့် Live မှ

 

ရန်ကုန်၊ မေလ ၂၆ ။                  ။ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ဖြင့် သေဆုံးခဲ့သော ရန်ကုန်၊ တွံတေးမြို့နယ်၊ အုတ်ဖိုကျေးရွာ၊ ခတ္တိယကျေးရွာနေ ကရင်မ(ခ) မခင်စန္ဒာဦး၏ ကျန်ရှိသည့် မိသားစုဝင်များကို ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္စာမျိုးနှင့် တွံ့တေးလွှတ်တော်ကိုယ်စားလှယ်များ ယနေ့ မေလ ၂၆ ရက်၊ ညနေ ၃ နာရီခန့်တွင် သွားရောက်တွေ့ ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံခဲ့ရာတွင် ကရင်မ(ခ) မခင်စန္ဒာဦး၏ ကျန်ရှိခဲ့သည့် အသက် ၁၈ နှစ်အရွယ် သားတစ်ဦးအပါအဝင် သားသမီး ၄ ဦး၏ ရှေးရေးနှင့် ပညာရေးအတွက် ကူညီပေးရန် ဆွေးနွေးခဲ့ကြောင်း သွားရောက်တွေ့ဆုံခဲ့သည့် တွံတေးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြောသည်။

“ ဘယ်လိုလုပ်ပေးမလဲဆိုတော့။ ကလေးနှစ်ယောက်ကိုပေါ့နော်။ အကြီးနှစ်ယောက်ကို အသက်ကလည်း ၁၄၊ ၁၆ လောက်ဖြစ်နေတဲ့အတွက်ကြောင့် သူတို့ကို အသက်မွေးဝမ်းကြောင်းပညာတစ်ခု ရှာပေးမယ်။ အလုပ် တစ်ခုခုပေါ့။ အငယ်လေးနှစ်ယောက်ကို ကျောင်းထားဖို့ကိစ္စ လူမှုဝန်ထမ်းနဲ့ တိုင်ပင်မယ်ပေါ့နော်။ လူမှုဝန်ထမ်း က မလုပ်ပေးနိုင်ရင်လည်း ကျွန်တော်တို့ ဒီဘက်က အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ပေးဖို့ တိုင်ပင် နေတယ်ဗျ။ အတည်တော့ မပြုရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥစ္စာက အမှုကိစ္စကလည်း ပိုအရေးကြီး နေတာလေ။ အမှုကိစ္စကို စောင့်ကြည့်ပြီးတော့ အမှုကိစ္စတွေနည်းနည်းပြီးပြတ်သွားရင် ဒီဘက်က ကလေးတွေ ရဲ့ ကိစ္စတွေကို အခုနကပြောတဲ့လမ်းကြောင်းအတိုင်း တစ်ခါတည်း ဆက်လုပ်ပေးသွားပါမယ်”ဟု ဒေါက်ကျော် ဇင်ဦးကပြောသည်။

လက်ရှိတွင် ကလေးများ၏ ရှေးရေးအတွက် ရန်ပုံငွေထောင်ထားပြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနော်ပန်း သဥ္စာမျိုးက ကနဦး ကျပ်ငွေ ၃ သိန်းကူညီပေးဆောင်ခဲ့သည့်အတွက် စုစုပေါင်း ရန်ပုံငွေ ၂၁ သိန်းနှင့် ၂ သောင်း ရရှိပြီဖြစ်ကြောင်း သိရသည်။

အသက် ၄ဝ အရွယ်ခန့်ရှိ ကရင်မ(ခ) မခင်စန္ဒာဦးမှာ အင်းတိုင်သံချပ်ကာတပ်ရင်း အရာရှိရိပ်သာတွင် နေထိုင် သည့် ပဲခူးခရိုင်ဥပဒေရုံးတွင် အဆင့် ၄ ဒုတိယဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင် နေသော ဒေါ်သိ င်္ဂီစုထံတွင် အိမ်အကူ လုပ်ကိုင်စဉ် ရိုက်နှက်ကန် ကျောက်နှိပ်စက်ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး ကရင်မ(ခ) မခင်စန္ဒာဦးထံတွင် ဒဏ်ရာများရရှိချိန် ဒေါ်သိ င်္ဂီစုက ကရင်မ(ခ) မခင်စန္ဒာဦးကို နေအိမ်ကို ပြန်လည်ပို့ဆောင်ခဲ့ပြီး မကြာမီ ကရင်မ(ခ) မခင်စန္ဒာဦးမှာ မေးစေ့ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ကျောကုန်း၊ ဝဲဘက်ရင်အုံပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့သူ ကရင်မ(ခ) မခင်စန္ဒာဦးအား ရိုက်နှက်ညှင်းပန်းနှိပ်စက်ခဲ့သည်ဆိုသော ပဲခူးခရိုင် ဥပဒေရုံးမှ အဆင့် ၄ ဒုဦးစီးမှူးဒေါ်သိ င်္ဂီစု ဆိုသူအား အမှုစစ်ဆေးချက်အရ ကျူးလွန်ကြောင်းစစ်ဆေး ပေါ် ပေါက်ခဲ့သဖြင့် အိမ်အကူအား ရိုက်နှက်ညှင်းပန်းနှိပ်စက်၊ အသက်သေဆုံးစေမှုဖြင့် မေလ ၂၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိတွင် ခတ္တိယကျေးရွာ ရာအိမ်မှူး ဦးအေးသောင်းက တရားလိုပြုလုပ်တိုင်ကြားချက်အရ ခလောက်ချိုင့် နယ်မြေရဲစခန်းတွင် (ပ)၆၁/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားပြီး ဒေါ်သိ င်္ဂီစုအား ရဲတပ်ဖွဲ့မှ ချုပ်ရမန်ယူစစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် ဒုဦးစီးမှူး ဒေါ်သိ င်္ဂီစုဆိုသူမှာ ၎င်းမိခင်ဖြစ်သူနှင့်အတူ အုတ်ဖိုကျေးရွာသို့ ၎င်းတို့အိမ်အကူအဖြစ်ငှားရမ်းသွားခဲ့သည့် ကရင်မ(ခ)မခင်စန္ဒာဦးကို ကျေးရွာရာအိမ်မှူး၊ ရပ်မိရဖများထံ လာရောက်အပ်နှံခဲ့ခြင်းဖြစ်သည်။ ထိုသို့လာရောက်အပ်နှံရာတွင် ကျန်းမာမကောင်းသဖြင့် ပြန်လာပို့ခြင်း ဖြစ်ကြောင်း၊ ကရင်မ(ခ)မခင်စန္ဒာဦး ပိုင်ဆိုင်သည့် ငွေသားအဖြစ် ငွေကျပ် ၁၈ဝဝဝဝ ( တစ်သိန်း ရှစ်သောင်းကျပ်) အား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကရင်မ(ခ)မခင်စန္ဒာဦး မသေဆုံးမီ ၎င်းအား ဆေးရုံသို့ ပို့ဆောင်ပေးရန်ပြောဆိုခဲ့ပြီး ၎င်းအား အိမ်ရှင်ဖြစ်သူ ဒုဦးစီးမှူး ဒေါ်သိ င်္ဂီစုဆိုသူက ဆွဲကြိုး ခိုးယူသည်ဟုဆိုကာ ခြေထောက်ဖြင့် ကန်ခဲ့သည့်အပြင် ကျောက်ပြင်နှင့်ပါ ထုခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly