အင်ဒိုနီးရှားတွင် တိုက်ခိုက်မှုများ ဖြစ်ပြီးနောက် အစွန်းရောက် တိုက်ဖျက်ရေး ဥပဒေသစ် အတည်ပြုပြဌာန်း

အင်ဒိုနီးရှားတွင် တိုက်ခိုက်မှုများ ဖြစ်ပြီးနောက် အစွန်းရောက် တိုက်ဖျက်ရေး ဥပဒေသစ် အတည်ပြုပြဌာန်း

ဂျကာတာ၊ မေ ၂၅ ။             ။ အင်ဒိုနီးရှားနိုင်ငံအတွင်း ၂၀၀၅ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး အစွန်းရောက်တိုက်ခိုက်မှုများ ကြံုလိုက်ရပြီးနောက် သီတင်းပတ် နှစ်ပတ်အကြာတွင် အစွန်းရောက် တိုက်ဖျက်ရေး ဥပဒေသစ်ကို မေ ၂၅ ရက်တွင် ပါလီမန်က အတည်ပြုလိုက်သည်။

ယခု ဥပဒေသစ်သည် သံသယရှိသူများကို လုံခြံုရေးတပ်ဖွဲ့ဝင်များက ကာလရှည် ထိန်းသိမ်းဖမ်းဆီးထားနိုင်ခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များက အစွန်းရောက်ဆန့်ကျင်သော စီးနင်းမှုများ ပြုလုပ်နိုင်ခြင်းတို့ကို ခွင့်ပြုထားသည်။

ဥပဒေအတွက် တာဝန်ခံသော ပါလီမန်ကော်မတီ၏ ဥက္ကဌဖြစ်သူ မိုဟာမတ်ဆိုင်ယာဖီက ယခု ဥပဒေသည် အစွန်းရောက်ဝါဒ၏ လုပ်ရပ်များကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်း လွှတ်တော်ရုပ်မြင်သံကြားချန်နယ်တွင် ပြောဆိုခဲ့သည်။

ဥပဒေအရ ရဲတပ်ဖွဲ့သည် အစွန်းရောက်သံသယရှိသူများကို လက်ရှိ ခုနစ်ရက် ချုပ်နှောင်ထားနိုင်ခွင့်အစား ရက်ပေါင်း ၂၁ ရက်အထိ ချုပ်နှောင်ဖမ်းဆီးထားနိုင်မည်ဖြစ်သည်။

ဖမ်းဆီးချိန်နှင့် တရားစွဲဆိုချိန် စပ်ကြား ကာလကိုလည်း အများဆုံး နှစ်နှစ်ကျော်အထိ ခွင့်ပြုပေးထားသည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်ကျော်က နို်င်ငံ၏ ဒုတိယအကြီးဆုံး ဆူရာဘာယာမြို့တွင် ခရစ်ယာန်ဘုရားကျောင်းများနှင့် ရဲစခန်းတစ်ခုတို့ကို အသေခံဗုံးခွဲသည့် အိုင်အက်စ်သစ္စာခံ ဒေသတွင် အစွန်းရောက်အဖွဲ့နှင့် ဆက်နွယ်သည့် တိုက်ခိုက်မှုနှစ်ရပ် ဖြစ်ပွားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် လူဦးရေ သန်း ၂၆၀ တွင် ၈၈ ရာခိုင်နှုန်းက မွတ်စလင်ဦးရေဖြစ်ပြီး ပြီးခဲ့သည့် နှစ်များအတွင်း အစွန်းရောက်တိုက်ခိုက်မှုများ များပြားလာခဲ့သည်။ ၂၀၀၂ ခုနှစ်အတွင်းက ဘာလီကျွန်းတွင် ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားရာ လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly