မန္တလေး၊ မေ ၂၅ ။ ။ တိုင်းရင်းသားဒေသများတွင် ထိုးစစ်များရပ်ဆိုင်းရေးနှင့် စစ်ဖြစ်ပွားသည့်နေရာများတွင် ပိတ်မိနေသော ပြည်သူများ လွှတ်ပေးရေးအတွက် တောင်းဆိုမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ ၂ ဦးကို မေလ ၂၅ ရက်နေ့၊ နေ့လည် ၁၂ နာရီက အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုနှင့် လိုပြသက်သေ ၂ ဦး စစ်ဆေးခဲ့သည် ။
ကိုသန်းထိုက်(ဗကသ၊ဗဟိုကော်မတီဝင်ဟောင်း) နှင့် ကိုနှင်းအောင် (ဗကသအဖွဲ့ချုပ်) တို့ကို ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၉)ဖြင့် အမှုဖွင့်ခံထားရခြင်းဖြစ်ပြီး မေလ ၁၂ ရက်နေ့က ပြည်တွင်း ငြိမ်းချမ်းရေးအပေါ် လူထုအမြင်သဘောထား ကောက်ခံမှုပြုလုပ်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
"ကျွန်တော်တို့က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတောင်းဆိုတယ် ။ တောင်းဆိုတာကို ဖမ်းတယ် ။ ဒါဟာ ငြိမ်းချမ်းရေး မလိုလားသူတွေလို့ ပြောချင်တယ် "ဟု ဖမ်းဆီးခံရသည့် ကိုသန်းထိုက်(ဗကသ-ဗဟိုကော်မတီဝင်ဟောင်း) က ပြောသည် ။
၎င်းအမှုနှင့် ပတ်သက်၍ တရားလိုဖြစ်သူ အောင်မြေသာစံမြို့နယ် မြို့မရဲစခန်းမှူး နှင့် တရားလိုပြသက်သေ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး တို့ကို စစ်ဆေးခဲ့ပြီး တရားသူကြီးမှ ဇွန်လ ၁ ရက်နေ့တွင် ဆက်လက်စစ်ဆေးရန် ရုံးချိန်းပေးခဲ့သည်။
မေလ ၆ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ်ဆန္ဒပြတောင်းဆိုမှုမှ ကိုအောင်မှိုင်းဆန်း ၊ ကိုစိုးမိုးနိုင် (ခ) ကိုဒိန်းဒေါင် နှင့် ကဗျာဆရာကလင့် (မန္တလေး) တို့ကို ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့ပြီးဖြစ်သည်။