ယင်းမာပင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ သဲအပြည့်သယ်ဆောင်လာသောကားဖြင့် တိုက်မိသေဆုံး

ယင်းမာပင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ သဲအပြည့်သယ်ဆောင်လာသောကားဖြင့် တိုက်မိသေဆုံး
ဓာတ်ပုံ- Kyaw Moe Hlaing (FB)

 

ရန်ကုန်၊ မေလ ၂၄ ။                    ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ NLD ပါတီဥက္ကဌ ဦးကျော်သိန်းမှာ ယနေ့ မေလ ၂၄ ရက်၊နံနက် ၉ နာရီခွဲခန့်အချိန်တွင် သဲအပြည့်သယ်ဆောင်လာသည့် ကားဖြင့် တိုက်မိပြီး သေဆုံးခဲ့ကြောင်း ယင်းမာပင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက မဇ္ဈိမသို့ ပြောသည်။

NLD ပါတီဥက္ကဌ ဦးကျော်သိန်းမှာ ယင်းမာပင်မြို့နယ်ရှိ အိုအေစစ်လက်ဖက်ရည်ဆိုင်မှအပြန် ဆိုင်မှ ဆိုင်ကယ် ဖြင့် ဖြတ်တက်သည့်အချိန်တွင် သဲအပြည့်သယ်ဆောင်လာသောကားဖြင့် ချိတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ လေးဘီးကား။ သဲကလည်း ဝိတ်အပြည့်နဲ့ ပါတဲ့ကား။ အဲ့ဒီကားနဲ့ ချိတ်ပြီးလဲသွားပြီးတော့ ဖြတ်နင်းလိုက် တာပေါ့ကွာ။ ဖြတ်နင်းလိုက်တော့ အခုက အောက်ပိုင်းတစ်ခုလုံးကြေမွသွားတာ။ မနက် ၉ နာရီခွဲကျော်ကျော် လောက်ဖြစ်တာ။ ၁ဝ နာရီလောက်ကျတော့ ကျွန်မတို့သိပြီးပြီ”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက ပြောသည်။

ကားဖြင့် ကြိတ်ခံခဲ့ရသည့် NLD ပါတီဥက္ကဌ ဦးကျော်သိန်းမှာ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကြေမွခဲ့ပြီး အခင်းဖြစ်ပွားနေရာ၌ သေဆုံးခဲ့သည့်အတွက် ယနေ့ မေလ ၂၄ ရက်၊ ညနေ ၃ နာရီတွင် သင်္ဂြိုလ်လိုက်ပြီဖြစ် ကြောင်း သိရသည်။

“ ချက်ချင်းသင်္ဂြိုလ်လိုက်ရတာ။ ဘယ်လိုမှကို မရတော့တာ။ ဆေးရုံတောက်လျှောက်တစ်ခါတည်းပို့။ ကြေမွ သွားတာ အောက်ပိုင်းတစ်ခုလုံးကို ကြေမွသွားတာ။ ဒီနေ့ ညနေ ၃ နာရီမှ သဂြိုလ်ပြီးတာ”ဟု ဒေါ်ခင်နှင်းရီက ပြောသည်။

လက်ရှိတွင် သဲကားမောင်းသူ ယာဉ်မောင်းအား ယင်းမာပင်ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly