MH17 လေယာဉ်မှာ ရုရှားစစ်တပ်ထံမှ သယ်လာသည့် ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများ ထုတ်ဖော်

MH17 လေယာဉ်မှာ ရုရှားစစ်တပ်ထံမှ သယ်လာသည့် ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများ ထုတ်ဖော်

မေ ၂၄ ။            ။ ၂၀၁၄ ခုနှစ်က မလေးရှားလေကြောင်းလိုင်းအမှတ် MH17 လေယာဉ် ယူကရိန်းအရှေ့ခြမ်းတွင် ပစ်ချခံခဲ့ရမှု ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် ဒုံးကျည်မှာ ရုရှားစစ်တပ် တပ်မဟာတစ်ခုမှ သယ်ယူလာသည့် ဒုံးကျည်အမျိုးအစားတစ်ခုဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက မေလ ၂၄ ရက်တွင် ထုတ်ဖော်လိုက်သည်။

အဆိုပါ MH17 လေယာဉ် ပစ်ချခံခဲ့ရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က အထက်ပါအတိုင်း ပထမဆုံးအကြိမ် ထုတ်ပြန်ဖော်ပြသွားခြင်း ဖြစ်သည်။

" MH17 လေယာဉ်ကို ပစ်ချခဲ့တဲ့ BUK-TELAR ဒုံးကျည်စနစ်က တကယ်တော့ ရုရှားနိုင်ငံ Kursk မှာ အခြေစိုက်တဲ့ အမှတ် ၅၃ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့တစ်ခုကနေ သယ်လာတဲ့ ဒုံးဖြစ်တယ်ဆိုတာကို ပူးတွဲ စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိဖော်ထုတ်ထားပါတယ်" ဆိုပြီး ဒက်ချ် စုံစမ်းစစ်ဆေးရေးမှူး ၀ီလ်ဘာ့တ် ပေါ်လစ်ဆန်က ပြောသွားသည်။

" ဒီ အမှတ် ၅၃ တပ်ဖွဲ့က ရုရှားစစ်တပ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်" လို့ ၎င်းက နယ်သာလန်နိုင်ငံမှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောသွားသည်။

အဆိုပါ မလေးရှား လေကြောင်းလိုင်း လေယာဉ်မှာ ပြီးခဲ့သည့် ၂၀၁၄ ဇူလိုင် ၁၇ ရက်က အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ထွက်ခွာပျံသန်းလာရင်း ပဋိပက္ခတိုက်ပွဲများ ဖြစ်ပေါ်နေသည့် ယူကရိန်းနိုင်ငံ အရှေ့ခြမ်း သို့ ဖြတ်ပျံသန်းစဉ် ပစ်ချခံခဲ့ရသည်။

ယင်း ဖြစ်ရပ်ဆိုးကြီးတွင် လေယာဉ်အမှုထမ်းများနှင့် ခရီးသည် ၂၉၈ ဦးစလုံး သေဆုံးသွားခဲ့ကြသည်။ အများစုက နယ်သာလန်နိုင်ငံသားများ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags