ချန်ပီယံကာကွယ်ပွဲအတွက် အောင်လအန်ဆန်း၏ ပြိုင်ဘက်အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ကန် ဟက်ဆီဂါဝါနှင့် ရန်ကုန်တွင် ထိုးသတ်မည်

ချန်ပီယံကာကွယ်ပွဲအတွက် အောင်လအန်ဆန်း၏ ပြိုင်ဘက်အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ကန် ဟက်ဆီဂါဝါနှင့် ရန်ကုန်တွင် ထိုးသတ်မည်

 

မေ ၂၄၊ ရန်ကုန်။            ။ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း၏ ချန်ပီယံကာကွယ်ပွဲမှာ ပြိုင်ဘက်အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံကွင်းတွင် ဂျပန်နိုင်ငံသား ကန် ဟက်ဆီဂါဝါနှင့် ထိုးသတ်ရမည်ဖြစ်သည်။

ဘစ်ဒက်ရှ်ကိုအနိုင်ရပြီးနောက် အောင်လအန်ဆန်းကို စိန်ခေါ်ခဲ့သည့် ဘရာဇီးကစားသမား လီအန်ဒရို အတိုင်းဒီးစ်မှာ ဒဏ်ရာ ပြဿနာရှိနေ၍ ကန် ဟက်ဆီဂါဝါနှင့် အစားထိုးခဲ့ရခြင်းလည်း ဖြစ်ဖွယ်ရှိသည်။

ပြိုင်ပွဲခေါင်းစဉ်ကို “ONE SPIRIT OF A WARRIOR” ဟု အမည်ပေးထားပြီး ဝမ်းမစ်ဒယ်ဝိတ်တန်းနှင့် ဝမ်းလိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုရထားသည့် အောင်လအန်ဆန်းအနေဖြင့် ဝမ်းမစ်ဒယ်ဝိတ်တန်းခါးပတ်ကို ကာကွယ်ရမည်ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် အောင်လအန်ဆန်းသည် မြန်မာနိုင်ငံတွင်ထိုးသတ်သည့်ပွဲအားလုံးကို အနိုင်ရထားပြီး ၂၀၁၇ ခုနှစ် ဇွန်လက ဘစ်ဒက်ရှ် ကို အလဲထိုးကာ ဝမ်းမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ရယူခဲ့သည်။ ပြီးခဲ့သည့် ပြိုင်ပွဲတွင်လည်း ဘရာဇီးမှ မာချားဒို ကို အနိုင်ရယူခဲ့ပြီး ဝမ်းလိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ် ရယူခဲ့သည်။

“အသက် ၃၁ နှစ်အရွယ်ရှိ ဂျပန်နိုင်ငံမှ ကန် ဟက်ဆီဂါဝါ သည် သိုင်းပေါင်းစုံကိုယ်ခံပညာရှင်တစ်ဦးဖြစ်ပြီး ဝမ်းချန်ပီယံရှစ်တွင် ပထမဆုံးအကြိမ် ပွဲဦးထွက်အနေဖြင့် ပါဝင်ယှဉ်ပြိုင်လာသူ ဖြစ်သည်။ ကန် ဟက်ဆီဂါဝါသည် ဂျပန်နိုင်ငံ၏ သိုင်းပေါင်းစုံကိုယ်ခံပညာပွဲများဖြစ်သည့် Deep နှင့် Rizin ပွဲများတွင် ပြိုင်စံရှား ခြေချုပ်စွမ်းပကားနှင့် မိုးကြိုးကဲ့သို့ ပြင်းထန်သောကန်ချက်များဖြင့် လူသိများလာသူဖြစ်သည်။ သူသည် ပြိုင်ဘက် ၅ဦးတွင် ၄ဦးအား အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။ သူသည် 1NC ရရှိထားသူဖြစ်ပြီး ချုပ်ကွက် ၄ကွက်နှင့် ထူးခြားကျွမ်းကျင်သော အလဲထိုးကွက် ၆ကွက် ပါဝင်သည့် ပရော်ဖက်ရှင်နယ်မှတ်တမ်း ၁၆ - ၂ ရရှိထားသူဖြစ်သည်” ဟု ဝမ်းချန်ပီယံရှစ်က သတင်းထုတ်ပြန်ထားသည်။

အောင်လအန်ဆန်းက “ကျွန်တော့်အိမ် (မြန်မာနိုင်ငံ)ကို ပြန်ပြီး ကျွန်တော်ရဲ့ ကျွမ်းကျင်မှုနဲ့ အရည်အသွေးတွေကို ဝေမျှ ရတာဟာ အမြဲတမ်းပဲ ဝမ်းမြောက်ဖွယ်ရာ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ ချန်ပီယံတစ်ယောက်အနေနဲ့ လာရောက်ယှဉ်ပြိုင်သူ မှန်သမျှကို အလှဲထိုး အနိုင်ယူသွားမှာပါ။ ကမ္ဘာ့အကြီးကျယ်ဆုံး သိုင်းပေါင်းစုံကိုယ်ခံပညာယှဉ်ပြိုင်ပွဲကြီးတစ်ခုမှုာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုရတာ ဂုဏ်ယူမိပါတယ်။” ဟု ပြောဆိုခဲ့ပြီး

“ဒီ ကမ္ဘာ့ချန်ပီယံခါးပတ်ဟာ ကျွန်တော့်အတွက်ရော၊ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကြောင်းအစမှာကတည်းက ရပ်တည်ပေးခဲ့တဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေအတွက်ပါ အလွန်အရေးပါတဲ့အရာ ဖြစ်ပါတယ်။ “Hungry Lion” လို့ခေါ်ကြတဲ့ ဆာလောင်နေတဲ ခြင်္သေ့လို့အမည်ရတဲ့ ကန် ဟက်ဆီဂါဝါ နဲ့ ယှဉ်ပြိုင်မှုရမှာဖြစ်လို့ ဒီခါးပတ်ကိုကာကွယ်ဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားအားထုတ်သွားမှာပါ။” ဟု ဝမ်းချန်ပီယံရှစ်သို့ ဆက်လက်ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly