ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ပေါ်ကိုရောက်သွားတဲ့ မက်ဆီရဲ့ ဂျာစီ

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ပေါ်ကိုရောက်သွားတဲ့ မက်ဆီရဲ့ ဂျာစီ

မေ ၂၄၊ နီပေါ။           ။ ပရိသတ်တွေဟာ သူတို့အကြိုက်ဆုံးဘောလုံးသမားကို ဘယ်ပုံဘယ်နည်းနဲ့ အားပေးရူးသွပ်တယ်ဆိုတာကို ပြသကြလေ့ရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ တောင်တက်သမား သန်း ကျန်းလော်ပု လိုစွမ်းဆောင်နိုင်လိမ့်မယ် မထင်ပါဘူး။

လီယွန်နယ် မက်ဆီရဲ့ စူပါပရိသတ် ကျန်းလော်ပုဟာ ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ပြီးတဲ့နောက်မှာ မက်ဆီရဲ့ ကျောနံပါတ်နဲ့ နာမည်ပါတဲ့ အာဂျင်တီးနားဂျာစီကို ကိုင်ပြီး ဓါတ်ပုံရိုက်ခံခဲ့တာပါ။

နီပေါနိုင်ငံမှာရှိတဲ့ ဧဝရတ်တောင်ဟာ ကမ္ဘာ့အမြင့်ဆုံးဖြစ်ပြီး မီတာအားဖြင့် ၈၈၄၈ မီတာ၊ ပေအားဖြင့် ၂၉၀၂၉ ပေ မြင့်ပါတယ်။ ကျန်းလော်ပုရဲ့ စွမ်းဆောင်မှုကို ဖေ့ဘွတ်ခ်မှာ ပရိသတ် ၈၉ ဒသမ ၅ သန်းရှိတဲ့ မက်ဆီကလည်း ပြန်လည်မျှဝေခဲ့ပြီး ကျေးဇူးတင်စကားနဲ့ ဂုဏ်ပြုစကား ပြောဆိုခဲ့ပါတယ်။

“ဧဝရတ်တောင်ထိပ်ကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့တဲ့ သန်း ကျန်းလော်ပုကို ဂုဏ်ပြုပါတယ်။ မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုတစ်ခုပါ။ ပြီးတော့ အဲဒီနေရာကနေ ကျွန်တော့်ကို ချစ်ခင်ကြောင်းပြသခဲ့လို့လည်း ကျေးဇူးအများကြီးတင်ပါတယ်” လို့ အဲဒီဓါတ်ပုံနဲ့အတူ မက်ဆီက ရေးသားထားပါတယ်။

လက်ရှိမှာ မက်ဆီဟာ ဘရူနိုအေးရိစ်မှာ အာဂျင်တီးနားအသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းတွေလုပ်ရင်း မအားလပ်နိုင်အောင်ဖြစ်နေပြီး မေ ၂၉ မှာ ဟေတီအသင်းနဲ့ ခြေစမ်းပွဲကစားရမှာဖြစ်ပါတယ်။

ဟေတီနဲ့ကစားပြီးရင်တော့ မက်ဆီဟာ ရုရှကမ္ဘာ့ဖလားအတွက်ပြင်ဆင်မယ့် အာဂျင်တီးနားအသင်း အခြေစိုက်ရာနေရာဖြစ်တဲ့ အပြင် သူနဲ့အကျွမ်းတဝင်ရှိတဲ့ ဘာစီလိုနာမြို့ကို ပြန်လာရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီကို ဗိုလ်လုပွဲရောက်မှ ရှုံးနိမ့်ခဲ့ရတဲ့အတွက် ဒီပြိုင်ပွဲမှာအောင်မြင်မှုရဖို့ လက်တုန့်ပြန်ရမယ့် အာဂျင်တီးနားအသင်းကို အသက် ၃၀ အရွယ် မက်ဆီကပဲ ဦးဆောင်ရဦးမှာဖြစ်ပါတယ်။

၂၀၂၂ ကာတာကမ္ဘာ့ဖလားရောက်ရင် အသက် ၃၄ နှစ်ရှိနေမှာဖြစ်လို့ နိုင်ငံတကာပြိုင်ပွဲတွေရဲ့ အမြင့်ဆုံးအောင်မြင်မှုဖြစ်တဲ့ ကမ္ဘာ့ဖလားကိုအရယူဖို့ ဒီနှစ်က သူ့အတွက်အကောင်းဆုံးအခွင့်အရေးဆိုတာကိုလည်း မက်ဆီတစ်ယောက် နားလည်သဘောပေါက်ထားဖွယ် ရှိနေပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly