မြဝတီ - မဲဆောက် ဒုတိယမြောက် ချစ်ကြည်ရေးတံတား တည်ဆောက်ရေးစတင်

မြဝတီ - မဲဆောက် ဒုတိယမြောက် ချစ်ကြည်ရေးတံတား တည်ဆောက်ရေးစတင်
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ထိုင်း ဒုဝန်ကြီးချုပ် ဆွမ်ကစ်ဂျာတူစရီပီတက်။ Post Today photo

သြဂုတ် ၃၁ ။          ။ အရှေ့တောင်အာရှကိုဖြတ်လျက် အရှေ့အနောက်စီးပွားရေးလမ်းကြောင်း တည်ဆောက်ခြင်းတွင် အဓိကဖြစ်မည့် ထိုင်း-မြန်မာ ဒုတိယမြောက် ချစ်ကြည်ရေးတံတား တည်ဆောက်ရေးမြေပန္နက်ချအခမ်းအနားကို သြဂုတ် ၃၀ ရက်တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို ဆက်သွယ်ဖောက်လုပ်သည့် ယင်းတံတားသစ် တည်ဆောက်ရေး အခမ်းအနားသို့ နှစ်နိုင်ငံဖက်မှ အစိုးရခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

တည်ဆောက်ရေးကုန်ကျစရိတ် လျာထားငွေပမဏကို ဘတ် သန်း ၆၄၀ လျာထားပြီး ထိုင်းနိုင်ငံဖက်က တာဝန်ယူကာ ၂၀၁၇ ခုနှစ်တွင် ပြီးစီးအောင် တည်ဆောက်သွားရန် စီစဉ်ထားသည်။

ပထမချစ်ကြည်ရေးတံတားတွင် ယာဉ်ကြောပိတ်ဆို့မှုများကို ယခုတံတားသစ်ဖွင့်လှစ်နိုင်ခြင်းဖြင့် လျော့ပါးစေနိုင်မည် ဖြစ်သည်။ ပထမတံတားတွင် လမ်းပိတ်ဆို့မှုကြောင့် ကုန်တင်ယာဉ်ကြီးများဖြတ်သန်း ရန်အတွက် နေ့ဝက်ခန့် ကြာမြင့် တတ်သည်။

ပန္နက်ချအခမ်းအနားတွင် ယခုတံတားတည်ဆောက်ခြင်းဖြင့် ထိုင်းမြန်မာနှစ်နိုင်ငံကြား ကုန်သွယ်မှုကို ပိုမိုမြှင့်တင် နိုင်မည်ဖြစ်သည်ဟု ဒုဝန်ကြီးချုပ် ဆွမ်ကစ်ဂျာတူစရီပီတက် ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံဖက်မှ ကိုယ်စားပြု တက်ရောက်သူ ဒုတိယသမ္မတဦးဉာဏ်ထွန်းက နှစ်နိုင်ငံဆက်ဆံရေးအတွက် ခေတ်သစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ပြောခဲ့သည်။

အရှေ့အနောက်စီးပွားရေးလမ်းသည် တောင်တရုတ်ပင်လယ်နှင့် အန်ဒါမန်ပင်လယ်ကြား တစ်ဆက်တည်း ကီလိုမီတာ ၁၇၀၀ အရှည်ဖောက်လုပ်သည့် ကုန်းလမ်းမကြီးဖြစ်ပြီး၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ကြား ဆက်သွယ်ဖောက်လုပ်သည့် လမ်းမကြီးလည်းဖြစ်သည်။

Ref; Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly