မီးတောင် ချော်ရည်များ သမုဒ္ဒရာအတွင်း စီးဆင်းကာ ဟာဝိုင်ယီ ကောင်းကင်ယံ၌ အဆိပ်တိမ်တိုက် ဖြစ်ပေါ်

မီးတောင် ချော်ရည်များ သမုဒ္ဒရာအတွင်း စီးဆင်းကာ ဟာဝိုင်ယီ ကောင်းကင်ယံ၌ အဆိပ်တိမ်တိုက် ဖြစ်ပေါ်

 

ဟာဝိုင်ယီ၊ မေ ၂၂ ။                                   ။ ဟာဝိုင်ယီက ကီလာအူယာမီးတောင်မှ ချော်ရည်ပူများ သမုဒ္ဒရာထဲသို့ စီးဆင်းနေပြီး မေ ၂၁ ရက်တွင် ကျွန်း၏ ကောင်းကင်ယံအတွင်း အဆိပ်ခိုးငွေ့တိမ်တိုက် ဖြစ်ပေါ်လျက်ရှိရာ သီတင်းနှစ်ပတ်အကြာက မီးတောင်ပေါက်ကွဲမှုအပြီး  ဒေသခံများအတွက် ဘေးအန္တရာယ်သစ်အဖြစ် ဖြစ်တည်လျက်ရှိသည်။

ကမ်းခြေသို့ အနီရောင် ချော်ရည်ပူများ စီးဆင်းလာရာ အဆိပ်ငွေ့များပါ ချော်ရည်မြစ်တစ်ခုလို ဖြစ်စေပြီး လေထုအရည်အသွေး ညစ်ညမ်းဆိပ်တောက်ဖြစ်မှု ဖြစ်စေနိုင်သည်ဟု မီးတောင်များ တည်ရှိရာ ဟာဝိုင်ယီကျွန်းကို စီမံခန့်ခွဲရသည့် ဟာဝိုင်ယီအရပ်ဖက်ကာကွယ်ရေး ကောင်တီက ထုတ်ပြန်သည်။

ထိုသို့ ချော်ရည်နှင့် မီးခိုးငွေ့ ပေါင်းစပ်ဖြစ်ပေါ်မှုကို Laze ဟု ခေါ်ဆိုကာ ယင်းကြောင့် အဖြူရောင်တိမ်တိုက်တစ်ခုကို ဖြစ်စေသည်။ ဟိုက်ဒရိုကရိုရစ်အက်စစ် ပါ၀င်နေသော ထိုအဆိပ်ဖြစ်စေနိုင်သော တိမ်တိုက်သည် လေနှင့်အတူ လွင့်မျောကာ လူနေဟရိယာများအပေါ် ရောက်ရှိလာလျှင် အဆုတ် လေရှုရှိုက်မှုအတွက် မကောင်းသကဲ့သို့ မျက်စိနှင့် အရေပြားတို့ ကျိန်းစပ်ပူလောင်ခြင်းများ ဖြစ်စေနိုင်ကြောင်း  ကောင်တီမှ အာဏာပိုင်များက တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ထားသည်။

မေ ၃ ရက်မှ စတင်ကာ ကီလာအူယာမီးတောင် ပေါက်ကွဲသဖြင့် လူပေါင်း ၁၇၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး အိမ်ခြေများ၊ အဆောက်အအုံများနှင့် မော်တော်ကားများ ချော်ရည်စီးဆင်းမှုအတွင်း ပျက်စီးခဲ့ရသည်။

ပြီးခဲ့သည့် မေ ၁၈ နှင့် ၁၉ ရက်တို့တွင် မီးတောင်မှာ အသစ်တဖန် ပေါက်ကွဲမှုများ ဖြစ်ရာ ပေါက်ကွဲချိန် တိုသော်လည်း မီတာ ၃၀၀၀ ဝေဟင်အမြင့်ထိ  ပြာမှုန့်တိမ်တိုက်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly