ဆိုရှယ်မီဒီယာနှင့်မီဒီယာများရှိ မက်လုံးပေးကြော်ငြာများဟန့်တားရေး ပြန်ကြားရေးမှ ပူးပေါင်းဆောင်ရွက်သွားမည်

ဆိုရှယ်မီဒီယာနှင့်မီဒီယာများရှိ မက်လုံးပေးကြော်ငြာများဟန့်တားရေး ပြန်ကြားရေးမှ ပူးပေါင်းဆောင်ရွက်သွားမည်
ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

 

နေပြည်တော်၊ မေလ ၂၁ ။                      ။ ဆိုရှယ်မီဒီယာလူမှုကွန်ယက်စာမျက်နှာများ နှင့် မီဒီယာပေါင်းစုံတွင် ကုန်ပစ္စည်းမျိုးစုံကို ယုတ္တိမတန်စွာ အမွှမ်းတင်လျှက် ကြော်ငြာနေသည့် အန္တရာယ်ကို အခြားဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။

“ကုန်ပစ္စည်းများကို ပကတိအခြေအနေနှင့် ကွာဟပြီး ယုတ္တိမတန်စွာ အလွန်အကျူး အမွှန်းတင်လျှက် ကြော်ငြာ နေကြခြင်းမှာ ကြော်ငြာလောက၏ သဘာဝတစ်ခုဆိုနိုင်သော်လည်း ၄င်းတို့ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ အား အများပြည်သူသိရှိစေရန် ကြော်ငြာတဲ့ အခါပြန်ကြားရေးဝန်ကြီးဌာန အများပြည်သူ ၀န်ဆောင်မှု ၊ မီဒီယာဆိုင်ရာကြော်ငြာမူဝါဒအတိုင်း လိုက်နာရန်ဆောင်ရွက်လျက်ရှိတယ် ”ဟု ၄င်းက ပြောကြားသည်။

ယနေ့ မေလ ၂၁ရက်နေ့က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) မှ ဦးထွန်းထွန်းဦး မေးမြန်းခဲ့သော ယနေ့ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းရှင် အချို့သည် မီဒီယာပေါင်းစုံကို အသုံးပြုပြီး အလှကုန်၊ ဆေးဝါး၊ စားသောက်ကုန်၊ စိုက်ပျိုးရေး လုပ်ငန်းသုံး စသည့် ကုန်ပစ္စည်းမျိုးစုံတို့ကို ပကတိ အခြေအနေမှန်နှင့် များစွာကွာဟပြီး ယုတ္တိမတန်စွာ လွန်လွန်ကဲကဲ အမွှမ်းတင်၍ ကြော်ငြာ နေကြခြင်းများကို ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရန် အစီစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို ဦးအောင်လှထွန်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးထွန်းထွန်းဦးက မေးမြန်းခဲ့ရာတွင် TV Channel များတွင် ကြော်ငြာနေသည့် အချို့သောကုန်ပစ္စည်းများသည် ပုံမှန် မဟုတ်ပဲ မက်လုံးများပေး၍ လှည့်ဖျားသည့် အသွင်များဖြင့် ကြော်ငြာနေသည်ကို တွေ့ရသည်ကြောင်း အထက်ပါ မေးခွန်း မေးမြန်းရာတွင် ပြောကြားခဲ့သည်။

“ကုန်ပစ္စည်းများကို မလှိမ့်တပတ် ရောင်းချခြင်း ၊ မမှန်ကန်သည့် အချက်အလက်များကို အသုံးပြု၍ ကြော်ငြာ နေခြင်းဟာ စီးပွားရေး ကျင့်ဝတ်ကို ဖောက်ဖျက်ရာရောက်သလို မြန်မာနိုင်ငံ ရဲ့ တည်ဆဲဥပဒေများနဲ့ လည်း ညှိစွန်းပါတယ်။ ၂၀၁၄ခုနှစ် စားသုံးသူ ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ(၈)တွင် ကုန်ပစ္စည်းများ၏ အချက် အလက်များသည် ကြော်ငြာနှင့် အရောင်းမြှင့်တင် ရာတွင် ဖော်ပြချက်တို့နှင့် ကိုက်ညီခြင်းမရှိပါက အရေးယူနိုင် ကြောင်း အတိအလင်းဖော်ပြထားပါတယ်”ဟု ဦးထွန်းထွန်းဦးက လွှတ်တေ်ာတွင် ပြောသည်။

ဒုဝန်ကြီး ဦးအောင်လှထွန်း၏ ပြန်လည်ဖြေကြားချက်ထဲတွင် “ပြန်ကြားရေးဝန်ကြီးဌာန ၊မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နေ့စဉ်ထုတ်လွှင့် လျက်ရှိတဲ့ ရေဒီယို၊ ရုပ်မြင်သံကြား အစီအစဉ်များ၊ နိုင်ငံပိုင် သတင်းစာများ၊ အကျိုးတူဆောင်ရွက်လျက်ရှိတဲ့ ရုပ်သံလွှင့် ကုမ္ပဏီများ၊ FM ကုမ္ပဏီများအတွက် အများပြည်သူ ၀န်ဆောင်မှု ဆိုင်ရာ ကြော်ငြာမူဝါဒကို ထုတ်ပြန်ထားတဲ့ အတိုင်းတိကျစွာ လိုက်နာရန် ဆောင်ရွက်စေလျက်ရှိပါတယ်။ လိုအပ်ချက်များရှိပါကလည်း သတိပေးကြပ်မတ်ဆောင်ရွက်ဖို့ စီစဉ်သွားမှာ ဖြစ်တယ်” ဟု ၄င်းက ဖြေကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly