ရခိုင်ပြည်နယ်မှ ထွက်ပြေးခဲ့သူများ ဆန္ဒအလျောက်ပြန်လာစေဖို့ဆောင်ရွက်ရန် အစိုးရကို USAID တောင်းဆို

ရခိုင်ပြည်နယ်မှ ထွက်ပြေးခဲ့သူများ ဆန္ဒအလျောက်ပြန်လာစေဖို့ဆောင်ရွက်ရန် အစိုးရကို USAID တောင်းဆို

ရန်ကုန်၊ မေလ ၁၉ရက် ။         ။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသူများကို ၄င်းတို့ဆန္ဒအလျောက် လုံခြံုစိတ်ချရပြီး ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လာနိုင်ရန်   ဆောင်ရွက်ပေးသင့်ကြောင်း အမေရိကန် နိုင်ငံတကာဖွ့ံဖြိုးရေး အေဂျင်စီ (USAID) ၏ အုပ်ချုပ်ရေးမှူး မတ်ခ်ဂရင်း က မြန်မာအစိုးရကို  တောင်းဆိုမေတ္တာရပ်ခံခဲ့သည်။

အမေရိကန် နိုင်ငံတကာဖွ့ံဖြိုးရေး အေဂျင်စီ အုပ်ချုပ်ရေးမှူး မတ်ခ်ဂရင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် မေလ ၁၈ ရက်နေ့တွင် နေပြည်တော်၌ တွေ ့ဆုံခဲ့ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ၄င်းတွေ့ဆုံမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မေလ ၁၈ရက်နေ့က ထုတ်ပြန်ခဲ့သည်။

"အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည့် ရိုဟင်ဂျာများနှင် ့ထိခိုက်လွယ်သော အခြားလူမှုအသိုက်အဝန်းများ ၎င်းတို့၏သဘောဆန္ဒအလျောက် လုံခြုံစိတ်ချစွာဖြင် ့ဂုဏ်သိက္ခာရှိရှိ   ပြန်လာနိုင်ရေးအတွက် လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်ပေးပါရန်" ဟု အမေရိကန်သံရုံး၏ ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် နိုင်ငံတကာဖွ့ံဖြိုးရေး အေဂျင်စီ အုပ်ချုပ်ရေးမှူး တို့တွေ့ဆုံမှုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံပြည်သူအားလုံး၏ ဂုဏ်သိက္ခာနှင့်အခွင့်အရေးများကို လေးစာလိုက်နာစေရန် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်သင့်ကြောင်းလည်း ဆွေးနွေးခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လမှစသည့် ရခိုင်ပြည်နယ်အတွင်း အကျပ်အတည်းကို အမေရိကန်ပြည်ထောင်စုက အလွန်အမင်းစိုးရိမ်ပူပန်နေသည်ဟုလည်း ၄င်းက ဆက်ပြောခဲ့သည်။

မြန်မာနိုင်ငံသည် ငြိမ်းချမ်း၍ ကြွယ်ဝချမ်းသာသော ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ အသွင်ကူးပြောင်းရေးကို အမေရိကန်ပြည်ထောင်စုက အားပေးကူညီနေသည်ဟုလည်း အမေရိကန် နိုင်ငံတကာဖွ့ံဖြိုးရေး အေဂျင်စီ ၏ အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည်။

၄င်းတွေ့ဆုံမှု၌ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်၊ အမေရိကန် နိုင်ငံတကာဖွ့ံဖြိုးရေး အေဂျင်စီ၏ အာရှရေးရာ အကြီးတန်း ဒုတိယလက်ထောက် အုပ်ချုပ်ရေးမှူး ဂလိုရီယာ စတီးရ်လ်၊ လူဦးရေ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ သံအမတ်၊ အမေရိကန်ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မတ်ခ် စတောလာနှင့် အမေရိကန် နိုင်ငံတကာဖွ့ံဖြိုးရေး အေဂျင်စီ၏ ဌာနေညွှန်ကြားရေးမှူး ထရီဆာမက်ဂီ တို့ ပါ၀င်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly