မကွေးကညနအနီးရှိ ကျူးကျော်အိမ်များကို ဖယ်ရှားခိုင်း၊ နေရာမပြောင်းပါက အင်အားသုံးဖယ်ရှားမည်

မကွေးကညနအနီးရှိ ကျူးကျော်အိမ်များကို ဖယ်ရှားခိုင်း၊ နေရာမပြောင်းပါက အင်အားသုံးဖယ်ရှားမည်

မကွေး၊ မေလ ၁၅ ။          ။ မကွေးမြို့၊ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနီးရှိ ကျူးကျော်အိမ်များအား မေလ ၁၅ ရက်နေ့မှစတင်ကာ နို့တစ်စာ (၃)ကြိမ်ထုတ်မည်ဖြစ်ပြီး ဖယ်ရှားခြင်းမရှိလျှင် အင်အားသုံးဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်ရောက်ခါစ ၂၀၁၆ ခုနှစ်က တစ်ကြိမ် အဲ့ဒီနားက ကျူးကျော်တွေ မနေဖို့ပြောတာတွေရှိတယ်။လသူတို့က အသနားခံစာတင်တဲ့အတွက် ရှေ့ဆက်မလုပ်ဖြစ်ခဲ့ပါဘူး၊  ဌာနအလုပ်တွေ လုပ်တော့မှဖြစ်တဲ့အတွက် တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တိုင်းအစိုးရကို တင်ပြထားတယ် ၊တိုင်းဒေသကြီးအစိုးရက ဖယ်ရှားခိုင်းဖို့ ညွှန်ကြားလာတော့  စီမံချက်နဲ့ လုပ်ရတာပါ" ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်လွင်က ပြောသည်။

မဖယ်ရှားပါက လာမည့် ဇွန်လ ရ ရက်နေ့တွင် ဝန်ထမ်းများဖြင့် အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါမကွေးမြို့  မြို့ပတ်လမ်းအဟောင်းလမ်းသည် လွန်ခဲ့သည့် နှစ်၂၀ ခန့်က အမှိုက်ပုံများ ၊ ကန္တာရတောများ ခြံု နွယ်ပိတ်ပေါင်းများရှိနေသည့်နေရာဖြစ်ပြီး နေစရာမရှိသူများက အမှိုက်များ၊ ခြံုနွယ်ပိတ်ပေါင်းများအား ရှင်းလင်း၍ နေထိုင်ခဲ့ကြကာ တစ်ချိုု့ဆိုလျင် နှစ်ပေါင်း၂၀ ခန့်အထိ နေထိုင်သူများရှိနေပြီး ကျူးကျော်နေအိမ် ၂၇ လုံး ရှိကြောင်း ကျူးကျော်နေထိုင်သူ တစ်ဦးဖြစ်သည့် ဒေါ်ခင်ရွှေကပြောသည်။

" မနေ့က မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ အဒေါ်တို့ ကျူ းကျော်နေတဲ့သူတွေနဲ့ တာဝန်ရှိသူတွေ  တွေ့ဆုံတယ် ။ ကျူးကျော်တွေကို ဇွန် ရ ရက်နေ့အပြီးရွှေ့ရမယ်။ မရွှေ့ရင် အင်အားသုံးရွှေ့မယ်လို့ ပြောတယ်၊ နေရာအစားလေးပေးပါဆိုတော့လည်း မပေးနိုင်ဘူးတဲ့၊ အဒေါ်တို့ ဘယ်ရွှေ့ရမှန်းမသိပါဘူး။  နေစရာအခက်အခဲတွေ့နေပါတယ် " ဟု ဒေါ်ခင်ရွှေက ပြောသည်။

အဆိုပါ နေရာတွင် ကျူးကျော်အိမ် ၂၇ အိမ်ခန့်ရှိပြီး  လူဦးရေ ၁၅၀ ခန့်နေထိုင်နေကြခြင်း ဖြစ်သည်။

လက်လုပ်လက်စား ပန်းရံလုပ်သားများ၊  ကြံုရာကျပန်းလုပ်သည့် လုပ်သားများ နေထိုင်ကြောင်းသိရပြီး အဆိုပါမိသားစုများမှ KGတန်းမှ ၁၀ တန်း အထိ  ကျောင်းသား/ကျောင်းသူ ၃၀ ဦးကျော်ခန့်ရှိနေသဖြင့် ယင်းကျူးကျော်အိမ်များအား ရွှေ့ခိုင်းသဖြင့် ကျူးကျော်နေသူများ စားဝတ်နေရေးနှင့် ကျောင်းသားကျောင်းသူများကျောင်းနေရန် အခက်အခဲများ၊ နေစရာမရှိသည့် အခက်အခဲများ ကြံု တွေ့ရနိင်ကြောင်း ကျူးကျော်နေထိုင်သူများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly