မော်စကို၊ မေ ၁၅ ။ ။ ကာဇက်စတန်တွင် ကျင်းပသော ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲများ နောက်ဆုံးအသုတ်သို့ စောင့်ကြည့်ရန် အမေရိကန်က ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိသည့်အတွက် ရုရှညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် အလက်ဇန္ဒြားလက်ဗ်ရန့်ယက်ဗ်က မေ ၁၄ ရက်တွင် အပြင်းအထန် အပြစ်ပြောဆိုသည်။
ကာဇက်စတန်မြို့တော် အက်စ်တာနာတွင် အီရန်၊ ရုရှနှင့် တူရကီတို့မှာ ညှိနှိုင်းရေးမှူးများက ဆီးရီးယားတွင် နိုင်ငံရေးတည်ငြိမ်မှုကို ဖော်ဆောင်နိုင်ရေး မျှော်လင့်ချက်ဖြင့် မေ ၁၅ ရက်က စုရုံးရောက်ရှိကြသည်။
မော်စကိုက ဦးဆောင်သည့် ယခု ဆွေးနွေးပွဲ ပထမနေ့အပြီး သတင်းစာရှင်းလင်းပွဲလုပ်ရာတွင် လက်ဗ်ရန့်ယက်ဗ်က ယခင် ရှစ်ကြိမ်က အမေရိကန်သည် ကိုယ်စားလှယ်စေလွှတ်ခဲ့သော်လည်း နောက်ဆုံးအခေါက်တွင် စေလွှတ်ခြင်း မရှိခြင်းအတွက် ပြောဆိုဝေဖန်ခြင်း ဖြစ်သည်။
“ဒါဟာ ကျွန်တော်တို့တွေရဲ့ နိုင်ငံတကာအားထုတ်မှုကို အမေရိကန်က မထောက်ပံ့ဘူးလို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရတယ်။ နိုင်ငံရေးတည်ငြိမ်မှုဆိုတာ စေ့စပ်ရေးစကားဝိုင်းတွေကနေပဲ မြင်တွေ့နိုင်တာ ဖြစ်တယ်။”ဟုလည်း ၎င်းက ပြောသည်။
နှစ်ရက်ကြာ အဆိုပါ ဆွေးနွေးပွဲသည် ဆီးရီးယား၏ ခုနစ်နှစ်တာ ပြည်တွင်းစစ်အတွင်း ထဲထဲဝင်ဝင် ပါ၀င်နေသော ပြည်ပအင်အားကြီး သုံးနိုင်ငံ၏ ပထမဆုံး ဆွေးနွေးပွဲလည်း ဖြစ်သည်။