ငပုတောတွင် တူမီးသေနတ်များအပါအဝင် ဆင်ပစ်သံမြှားများ ပိုင်ရှင်မဲ့ ဖမ်းမိ

ငပုတောတွင် တူမီးသေနတ်များအပါအဝင် ဆင်ပစ်သံမြှားများ ပိုင်ရှင်မဲ့ ဖမ်းမိ
ဓာတ်ပုံ- မေလ ၁၈ ရက်၊ ၂၀၁၇ ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အုန်းတကူးကျေးရွာအနီးတွင် သံအဆိပ်လူးမြှား ထိမှန်ထားသည့်ဒဏ်ရာရထားသည့် ဆင်တစ်ကောင်အား သစ်တောဦးစီးဌာနမှ ကုသပေးနေစဉ်။

ရန်ကုန်၊ မေလ ၁၄ ။           ။ ဧရာဝတီတိုင်းဒေသကြီးတွင် တောဆင်ရိုင်းသတ်ဖြတ်မှု အများဆုံးမြို့နယ်တစ်ခု ဖြစ်သည့် ငပုတောမြို့နယ်၊ မြစ်တစ်ရာသစ်တောကြိုးဝိုင်း အကွက်အမှတ် (၁၉၇) ဒေသခေါ် ကျောက်ဂူတောင်ကျောအနီးမှ တူမီးသေနတ်များအပါအဝင် ဆင်ပစ်သံမြှားများ၊ မီးကူးယမ်းထုပ်များ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည်။

သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ မေလ ၁၃ ရက်၊ နံနက် ၁ဝ နာရီခန့်အချိန် နယ်မြေရှင်းလင်းစဉ် အဆိုပါ လက်နက်များကို သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ မေလ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ-ပြည်ထဲရေး

ဆင်မုဆိုးများစခန်းချသွားသည်ဟုယူဆရသော ယင်းနေရာမှ အရှည် ၃ ပေ ၁၁ လက်မခန့်ရှိ သစ်သား ကိုယ် ထည် တူမီးလုပ်သေနတ် ၁ လက်၊ အရှည် ၄ ပေခန့်ရှိ သစ်သားကိုယ်ထည် တူမီးလုပ်သေနတ် ၁ လက်၊ အရှည် ၄ ပေ ၁၁ လက်မခန့်ရှိ သစ်သားကိုယ်ထည် တူမီးလုပ်သေနတ် ၁ လက် စုစုပေါင်း သေနတ် ၃ လက် သိမ်း ဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဆင်ပစ်သံမြှားအကြီး ၂ ခု၊ ဆင်ပစ်သံမြှားအသေး ရ ခု၊ အသွား ၂ လက်မခွဲခန့်ရှိ အရိုးမပါ ရဲဒင်း ၁ လက် ၊ အရှည် ၈ လက်မခန့်ရှိ အရိုးမပါ သုံးမြှောင့်တံစဉ်း ၁ ချောင်း၊ မီးကူးယမ်းခွေ ၄ ခွေ၊ မီးကူးယမ်းထုပ် အသေး ၁၅ ထုပ်၊ ဆေးထိုးပြွန် ၁ ချောင်း၊ ယမ်းမှုန့် ဆေးထိုး ပြွန် ၆ ချောင်းနှင့် သံဘောစေ့ ၁၃ လုံးတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

တောဆင်ရိုင်းများကို ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အများဆုံးသတ်ဖြတ်ခြင်း ခံနေရပြီး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်တွင် ရခိုင်ရိုးမနှင့် ထိစပ်လျက်ရှိနေသည့် ပုသိမ်၊ငပုတောနှင့် သာပေါင်း မြို့နယ်များတွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု အများဆုံးဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင် ၂၀၁၇ ခုနှစ်အတွင်း တောဆင်ရိုင်း ရကောင် သတ်ဖြတ်ခံထားရပြီး ငပုတောမြို့နယ်တွင်၂၀၁၇ခုနှစ် သြဂုတ်လအတွင်း တောဆင်ရိုင်းသတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး မသင်္ကာသူ တရားခံ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တရားခံ ၄ ဦးကို တောဆင်ရိုင်း သတ်ဖြတ်မှုအတွက် တောရိုင်းတိရိစ္ဆာန်များ သဘာဝအပင်များကာကွယ်ရေးသဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က)အရ ရဲတပ်ဖွဲ့မှ တရားစွဲဆိုခဲ့သည်။

ဆင်များအား အဆိပ်လူးမြှား၊ အားပြင်းသည့် ရိုင်ဖယ်များဖြင့် အများဆုံးပစ်ခတ်သတ်ဖြတ်ကြပြီး သေဆုံးပြီး နောက် သားရေများ၊ အစွယ်များ၊ အခြားခန္ဓာကိုယ် အစိတ်အပိုင်းများကို  ပြည်တွင်းပြည်ပသို့  ရောင်းချကြ သည်

ဆင်၏ အရေပြားအပါအဝင် ဆင်ခန္ဓာကိုယ်အစိတ်အပိုင်းများသည် တရားမဝင်စျေးကွက်အတွင်း၌ ၀ယ်လိုအား မြင့်မားနေခြင်းကြောင့် မြန်မာနိုင်ငံသည် ဆင်များကို အမဲလိုက်သတ်ဖြတ်ရာ အဓိကနေရာတစ်ခုဖြစ်လာနေကာ တရုတ်-မြန်မာ နယ်စပ်သည် အဓိက မှောင်ခိုစျေးကွက်ဖြစ်လာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly