အင်ဒိုနီးရှားဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်မှုများကို အိုင်အက်စ် မိသားစုတစ်စုက ကျူးလွန်ခဲ့ခြင်းဖြစ်

အင်ဒိုနီးရှားဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်မှုများကို အိုင်အက်စ် မိသားစုတစ်စုက ကျူးလွန်ခဲ့ခြင်းဖြစ်

မေ ၁၄ ။           ။ လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော အင်ဒိုနီးရှား ခရစ်ယာန် ဘုရားကျောင်း အသေခံဗုံးခွဲတိုက်ခိုက်မှုများကို အိုင်အက်စ်နှင့် ဆက်နွယ်သည့် မိသားစုတစ်စုတည်းက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ ဆူရာဘာယာမြို့တွင် မေလ ၁၃ ရက်က ဘုရားကျောင်း သုံးကျောင်း၌ အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ခဲ့ပြီး ယင်းသည် နှစ်များစွာအတွင်း လူအသေအပျောက်အများဆုံးသော တိုက်ခိုက်မှုများလည်း ဖြစ်လာခဲ့သည်။

ယခုအခါ အဆိုပါ ခရစ်ယာန်ဘုရားကျောင်း အသေခံဗုံးခွဲတိုက်ခိုက်သူများ၏ လက်သည်တရားခံများမှာ မိသားစုတစ်စုဖြစ်ကြောင်း၊ ၎င်းမိသားစုတွင် ဖခင်၊ မိခင်နှင့် အတူ ၎င်းတို့၏ ကိုးနှစ် နှင့် ၁၂ နှစ်အရွယ် သမီးနှစ်ဦး၊ ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ် သားနှစ်ဦး တို့ ပါ၀င်ကြောင်း အင်ဒိုအမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ တီတို ကာနာဗီယန်က ပြောသွားသည်။

၎င်းမိသားစုမှာ အစ္စလမ္မစ်နိုင်ငံတော် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ထောက်ခံသည့် ပြည်တွင်းက အစွန်းရောက်ကွန်ရက် JAD နှင့်အချိတ်အဆက်ရှိကြောင်းလည်း ကာနာဗီယန်က ပြောသွားသည်။

အလားတူ ပြည်တွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ ၎င်းမိသားစုမှာ မကြာသေးမီက ဆီးရီးယားမှ ပြန်ရောက်ထားကြသူများ ဖြစ်ကြောင်းလည်း သိရသည်။

ကမ္ဘာ့အကြီးဆုံးမွတ်စလင်နိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် ယခုအပတ် ဥပုသ်ကာလစတင်ရန် ရှိနေစဉ် အစွန်းရောက်စစ်သွေးကြွများ၏ တိုက်ခိုက်မှုများဖြစ်ပွားလာနိုင်သည်ဟု ခြိမ်းခြောက်ခံရနေရချိန်တွင် ယခုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယနေ့ မတ်လ ၁၄ ရက်တွင် အဆိုပါ ဆာရာဘာယာမြို့ရှိ ရဲဌာနချုပ်တွင်လည်း အသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly