အင်ဒိုနီးရှားဘုရားကျောင်း၌ ဗုံးပေါက်ကွဲမှုများဖြစ်ပွား၍ လူ ၉ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာဒဏ်ရာရ

အင်ဒိုနီးရှားဘုရားကျောင်း၌ ဗုံးပေါက်ကွဲမှုများဖြစ်ပွား၍ လူ ၉ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာဒဏ်ရာရ

ဂျာကာတာ၊ အင်ဒိုနီးရှား၊ မေ ၁၃ ။           ။ အင်ဒိုနီးရှားရှိ ခရစ်ယာန်ဘုရားကျောင်းများအပြင်ဘက်၌ တနင်္ဂနွေနေ့တွင် အသေခံဗုံးခွဲမှုများအပါအဝင် ပေါက်ကွဲမှုများစွာဖြစ်ပွားခဲ့၍ လူ ၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ က ပြောဆိုခဲ့သည်။

ယခုအပတ်တွင် ဥပုသ်ကာလစတင်မည့် ကမ္ဘာ့အကြီးဆုံးမွတ်စလင်နိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် အစွန်းရောက်စစ်သွေးကြွများ၏ တိုက်ခိုက်မှုများဖြစ်ပွားလာနိုင်သည်ဟု ခြိမ်းခြောက်ခံရနေရချိန်တွင် ယခုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဆူရာဘာရာမြို့၌ တနင်္ဂနွေနေ့တွင်ဖြစ်ပွားသည့် ဗုံးပေါက်ကွဲ မှုများနှင့်ပက်သက်၍ မည်သည့်အဖွဲ့အစည်းကမှ ၄င်းတို့လက်ချက်ဟု မကြေညာသေးကြောင်း သိရသည်။

“လူ ၉ ဦးသေဆုံးသွားခဲ့ပြီး လူ ၄၀ လောက်ဆေးရုံရောက်နေပါတယ်” ဟု အရှေ့ဂျာဗားရဲတပ်ဖွဲ့မှ ပြောရေးဆို ခွင့်ရှိသူ ဖရန့်စ်ဘာရန်းမန်ဂါရာက သတင်းထောက်များကို ပြောခဲ့ပြီး ရဲအရာရှိ ၂ ဦးခန့်လည်း ဆေးရုံ၌ ကုသမှု ခံယူနေရသည်ဟု ဆိုခဲ့သည်။

ဗုံးပေါက်ကွဲမှုများသည် ဒေသစံတော်ချိန် မနက် ရး၃၀ နာရီခန့်တွင် နေရာ ၃ နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စုံစမ်း စစ်ဆေးမှုများကို ပြုလုပ်နေဆဲဖြစ်သည်ဟု သိရသည်။

အခင်းဖြစ်ပွားရာနေရာမှ ဓာတ်ပုံများထဲ၌ ဆန်တာမာရီယာ ကတ်သလစ်ဘုရားကျောင်းအပြင်ဘက်ဂိတ်ပေါက်၌ ပြန့်ကျဲနေသော အလောင်းများကိုမြင်တွေ့ရသည်။ ဆန်တာမာရီယာ၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအတွင်း အသေခံဗုံးခွဲသူတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

“ကျနော်အရမ်းကို ထိတ်လန့်ကြောက်ရွ့ံနေခဲ့ပါတယ်။ လူအများအပြားက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်နေခဲ့ ကြပါတယ်” ဟု ဆန်တာမာရီယာဘုရားကျောင်းမှ အသက် ၂၃ နှစ်အရွယ်ရှိ မျက်မြင်သက်သေတစ်ဦးဖြစ်သူ ရိုမန်က ပြောခဲ့သည်။

ယခုဗုံးပေါက်ကွဲမှုများသည် ဂျာကာတာမြို့အပြင်ဘက်ရှိ လုံခြံုရေးမြင့်မားသော အကျဉ်းထောင်၌ ထောင်ဆူပူမှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားတစ်ဦးနှင့် ရဲအရာရှိ ၅ ဦး အသတ်ခံခဲ့ရသောဖြစ်စဉ်ပြီးနောက် ရက်ပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်မှာ ၄င်းတို့လက်ချက်ဟု အိုင်အက်စ်တို့က ကြေညာခဲ့သော်လည်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကမူ ယင်းပြောဆိုချက်ကို ငြင်းဆန်ပယ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly