ပဲရစ်မြို့တိုက်ခိုက်မှု ၄င်းတို့လက်ချက်ဟု အိုင်အက်စ်ကြေညာ

ပဲရစ်မြို့တိုက်ခိုက်မှု ၄င်းတို့လက်ချက်ဟု အိုင်အက်စ်ကြေညာ

ပဲရစ်၊ ပြင်သစ်၊ မေ ၁၃ ။            ။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်ခေါင်၌ စနေနေ့အနှောင်းပိုင်းကဖြစ်ပွားခဲ့သည့် ဓားထိုးတိုက်ခိုက်မှုများ၏ အဓိက လက်သည်တရားခံမှာ ၄င်းတို့ဖြစ်ကြောင်း အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တို့က ကြေညာခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုခဲ့သည်။

“ပဲရစ်မြို့ထဲက ဓားထိုးတိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့သူဟာ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ထဲက စစ်သားတစ်ဦး ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးဟာ ညွန့်ပေါင်းအဖွဲ့နိုင်ငံတွေကို ပစ်မှတ်ထားတိုက်ခိုက်တိုက်ခိုက်သွားမယ်လို့ ပြောဆို ထားတဲ့အတိုင်း ဆောင်ရွက်လိုက်တာဖြစ်ပါတယ်” ဟု အိုင်အက်စ်တို့က အာရပ်ဘာသာစကားဖြင့် ၄င်းတို့၏ အေမက်သတင်းအေဂျင်စီမှတဆင့် ကြေညာခဲ့သည်။

အလာရှင်မြတ်သာ ကြီးမြတ်ရာဟု အော်ဟစ်ခဲ့ပြီး လူအများကိုဓားနှင့်တိုက်ခိုက်ခဲ့သည့် တရားခံကို ရဲက သေနတ်နှင့်ပစ်သတ်ခဲ့ပြီး ထိုတရားခံကြောင့် လူတစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်မှုဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

တိုက်ခိုက်မှုသည် ပဲရစ်မြို့၏ ပင်မအော်ပရာပြဇာတ်ရုံကြီးနှင့် အရက်ဘားများ၊ စားသောက်ဆိုင်များနှင့် ပြဇာတ် ရုံများရှိသော စည်ကားသည့်နယ်မြေတစ်ဝိုက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တရားခံဟာ လူ ၅ ဦးကို ဓားနဲ့တိုက်ခိုက်ခဲ့ပါတယ်။ တစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ထိုထဲက ၂ ယောက်က ဒဏ်ရာပြင်းထန်ပါတယ်။ အားလုံးကို ဆေးရုံပို့ထားပါတယ်” ဟု ရဲတပ်ဖွဲ့က ဆိုခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က “ပြင်သစ်ဟာ သွေးမြေကျတဲ့ တန်ဖိုးကြီးတစ်ရပ်ကို ထပ်မံပေးဆပ် လိုက်ရပါပြီ” ဟု ပြောဆိုခဲ့သည်။ ဒါ့အပြင် ပြည်ထဲရေးဝန်ကြီး ဂျာရတ်ကူးလောင်မ်ကလည်း တိုက်ခိုက်သူကို ခေါင်းအေးအေးထားပြီး ရှင်းလင်းနိုင်ခဲ့သော ရဲအရာရှိကို တွစ်တာမှတဆင့် ချီးကျူးဂုဏ်ပြုခဲ့သည်။

ယခုတိုက်ခိုက်မှုသည် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်သည်ဟု ခြိမ်းခြောက်ခံနေရသော ပြင်သစ် နိုင်ငံ၌ ရုတ်တရက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် ပြီးခဲ့သော ၃ နှစ်အတွင်း ဂျီဟတ်အစွန်းရောက် များ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂၄၅ ဦးကျော်ခန့် သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly