တပ်မတော်NCA ချိုးဖောက်ဟု စွပ်စွဲချက် တပ်မတော်ပြန်ငြင်းဆို

တပ်မတော်NCA ချိုးဖောက်ဟု စွပ်စွဲချက် တပ်မတော်ပြန်ငြင်းဆို
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ မေလ ၁၂ ။            ။ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း ခေးပူရွာနှင့် လွယ်မူပလောရွာ ဆက်သွယ်ထားသည့်လမ်းကြောင်းအား ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် တပ်မတော်ဘက်မှ ဆောင်ရွက်ရာတွင် NCA စာချုပ်ပါအချက်များ ချိုးဖောက်မှုရှိနေသည်ဟု Karen National Union HQ Facebook Page မှ မေလ ၁၀ရက်နေ့ထုတ်ပြန်ချက်အပေါ် တပ်မတော် မှ ငြင်းဆိုလိုက်သည်။

၄င်းလမ်းပိုင်းသည် ၁၅ မိုင် ရှည်လျားပြီး ဒေသခံပြည်သူများ အသုံးပြုနိုင်ရန်နှင့် တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စ ဆက်သွယ်ဆောင်ရွက်မှုလွယ်ကူစေရန် ပြန်လည်ပြုပြင်မွမ်းမံရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ဘက်မှ မေလ ၁၁ရက်၌ ပြန်လည်ထုတ်ပြန်ခဲ့သည်။

မူတရော် (ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)ဒေသအတွင်း ၂၀၁၈ ခုနှစ် မတ်လမှှစ၍ တပ်မတော်ဘက်မှ အင်အားတိုးချဲ့ကာ မြေထိုးစက်များကိုသယ်ဆောင်ပြီး လမ်းဖောက်ရန်ပြင်ဆင်လာသည်ဟု Karen National Union HQ Facebook Page၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

"ထိုအခြေအနေများကြောင့် နယ်မြေခံပြည်သူလူထုများ ကြောက်လန့်တကြားဖြင့် တောတွင်းထွက်ပြေးတိမ်းရှောင်ခိုအောင်းနေကြရပါသည်။ ရွာသူရွာသားများကျန်ခဲ့သည့် မိမိပိုင်စားသောက်စရာများနှင့် ပစ္စည်းပစ္စယများ ပြန်ဝင်ယူသူများကို တွေ့ရှိပါက သေနတ်ဖြင့်ခြိမ်းခြောက်ပစ်ခတ်မှုပြုခြင်းကို နေ့စဉ်မပြတ်ပြုလုပ်နေပါသည်"ဟုလည်း Karen National Union HQ Facebook Page  ၏ ထုတ်ပြန်စာတွင် ပါရှိသည်။

ယခု တပ်မတော်၏ လုပ်ဆောင်ချက်များသည် NCA ပါအချက်များဖြစ်သည့် အခန်း (၃) အပိုဒ် (၅၊ ရ၊ ၈၊ ၉) တို့ပါ အချက်များကို ချိုးဖောက်နေသည်ဟု Karen National Union HQ Facebook Page မှ ထုတ်ပြန်ထားသည်။

တပ်ဖွဲ့ဝင်များပြန်လည်ရုတ်သိမ်းပေးရေးနှင့် လမ်းဖောက်နေသည့်အစီစဉ်ကို ရပ်တန့်ပေးရန် အသိပေးအကြောင်းကြားခဲ့ပြီး တွေ့ဆုံညှိနိူင်းသော်လည်း အထက်အမိန့်အရ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြန်လည်အကြောင်းကြားခဲ့သည်ဟု Karen National Union HQ Facebook Page တွင်ဖေါ်ပြထားသည်။ သို့သော် ၄င်းလမ်းဖောက်ရေးကိစ္စကို ၂၀၁၇ နို၀င်ဘာလ ၂၇ ရက်မှစ၍ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ KNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထံသို့ ကြိုတင်အကြောင်းကြား ညှိနှိုင်းမှု (၁၁) ကြိမ်ပြုလုပ်ခဲ့ပြီး လမ်းဖောက်လုပ်ရေးလုပ်ငန်းများအား ၂၀၁၈ မတ်လ ၄ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်မှ ပြန်လည်ဖော်ပြထားသည်။

လမ်းကြောင်းပြုပြင်ဖောက်လုပ်ရာတွင် နယ်မြေခံ လက်နက်ကိုင်အဖွဲ့အစည်းများ အထင်အမြင်မလွဲစေရန် လမ်းအူကြောင်းအတိုင်းဖောက်လုပ်ခြင်း၊ မိုင်းရှင်းလင်းခြင်းပြုလုပ်ပြီး လမ်းအနီးနားရှိ ကျေးရွာများသို့ ဖောက်လုပ်ခြင်းမပြုမိစေရန် နယ်မြေခံတပ်များသို့ ညွှန်ကြားထားကြောင်း တပ်မတော်မှ ဆိုသည်။ ခေးပူ-လွယ်မူပလော လမ်းကြောင်းဖောက်လုပ်ပြီးပါက လွယ်မူပလောမှ တောင်ငူသို့ ဒေသခံများ ခရီးမိုင်(၃၈)မိုင်ခန့် သက်သက်သာသာ သွားလာနိုင်မည်ဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။

"ဖြစ်စဉ် အမှန်အတိုင်း မဟုတ်ဘဲ KNU အဖွဲ့အစည်းအမည်ဖြင့် ထုတ်ပြန်ချက်များ ထွက်ပေါ်နေခြင်းသည် တပ်မတော်အပေါ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အများပြည်သူနှင့် နိုင်ငံတကာက အထင်အမြင်လွဲမှားစေနိုင်ပြီး ငြိမ်းချမ်း ရေးကို ထိခိုက်စေနိုင်သဖြင့် ဖြစ်စဉ်အမှန်များကို အများပြည်သူသိရှိနိုင်စေရန် ထပ်မံသတင်းထုတ်ပြန် အပ်ပါသည်" ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ရေးသားဖော်ပြထားသည်။

လမ်းစတင်ဖောက်လုပ်သည့် ၂၀၁၈ မတ် ၄ ရက် မှ မေလ ၁၁ ရက်နေ့အထိ ခေးပူရွာဘက်မှ (၃)မိုင်၊ လွယ်မူ ပလောရွာဘက်မှ (၁)မိုင် (၂)ဖာလုံသာ ဖောက်လုပ်နိုင်ခဲ့ပြီး နားလည်မှုလွဲနေသည့် နယ်မြေခံ KNLA တပ်ဖွဲ့များ၏ နှောင့်ယှက်ပစ်ခတ်မှု ၅၃ ကြိမ်၊ မိုင်းဖော်ထုတ်ရရှိမှု ၂၀ ကြိမ် (မိုင်း ၄၂ လုံး) နှင့် မိုင်းနင်းမှု ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သည် ၄ ဦးကျဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် စစ်သည်များ ကျဆုံး/ဒဏ်ရာရရှိခဲ့သော်လည်း စစ်ဆင်ရေးသဖွယ် တုံ့ပြန်ခြင်းမရှိဘဲ ဖောက်လုပ်ဆဲလမ်းကြောင်းနှင့် စက်ယန္တရားများ၏ လုံခြုံရေးကို ဆက်လက်ဆောင်ရွက်နေသည်ဟု တပ်မတော်မှ မေလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ပြန်လည်ထုတ်ပြန်ခဲ့သည်။ Karen National Union HQ Facebook Page တွင်ဖေါ်ပြထားမှုနှင့်ပတ်သက်၍ KNU ၏ ထုတ်ပြန်ချက် အစစ်အမှန်ဟုတ်မဟုတ်အတည်ပြုရန် မဇ္စျိမက ဆက်သွယ်ခဲ့သော်လည်း ဖုန်းဆက်၍မရခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags