ကွန်ဂိုတွင် အီဘိုလာ ဖြစ်ပွားနေမှု WHO စိုးရိမ်ပူပန်

ကွန်ဂိုတွင် အီဘိုလာ ဖြစ်ပွားနေမှု WHO စိုးရိမ်ပူပန်

မေ ၁၁ ။            ။ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အီဘိုလာ ရောဂါ ကူးစက်မှုဖြစ်စဉ်များ ထပ်မံပေါ်ပေါက်လာခဲ့ပြီးနောက် ယင်းနိုင်ငံ၏ အဆိုးရွားဆုံး အခြေအနေအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က မေလ ၁၁ ရက်မှာ ထုတ်ပြန်ပြောကြားလိုက်သည်။

" ကွန်ဂိုက အခြေအနေတွေအတွက် များစွာ စိုးရိမ်ပူပန်နေရပါတယ်၊ ဖြစ်လာနိုင်မယ့် အခြေအနေအားလုံးအတွက် စီစဉ်နေပါတယ်၊ အဆိုးဆုံးအခြေအနေအတွက်လည်း ပြင်ဆင်ထားပါတယ်" ဆိုပြီး WHO ၏ အရေးပေါ် အခြေအနေ တုန့်ပြန်ဆောင်ရွက်မှု ဌာနအကြီးအကဲ ပီတာ ဆာလာမာက ပြောသည်။

အဆိုပါ ဗဟိုအာဖရိကနိုင်ငံ၏ အနောက်မြောက်ပိုင်း ဘီကိုရိုဧရိယာတွင် အီဘိုလာ ရောဂါ ကူးစက်သည်ဟု သံသယရှိသည့် ဖြစ်စဉ်များ သို့မဟုတ် အတည်ပြုပြီး ဖြစ်စဉ်အရေအတွက်မှာ ၃၂ ခုအထိ ရှိနေပြီး ဧပြီလ ၄ ရက်နှင့် မေလ ၉ ရက်အကြား သေဆုံးသူ ဦးရေ ၁၈ ဦးထိ ရှိလာပြီဖြစ်ကြောင်း WHO ကထုတ်ပြန်သည်။

အီဘိုလာရောဂါသည် သေစေလောက်သည့် အဖျားရောဂါတမျိုးဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ သေဆုံးမှုရှိတာကို တွေ့ရှိထားခဲ့ရသည်။

ယခုတစ်ကြိမ် အီဘိုလာ ဖြစ်ပွားမှုသည် ယင်းနိုင်ငံတွင် ၁၉၇၆ ခုနှစ် နောက်ပိုင်း ကိုးကြိမ်မြောက် ဖြစ်ပွားမှုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly