ကွတ်ခိုင်အနီးလှိုဏ်ဂူအတွင်းမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးချက်ရာတွင်သုံးသော အက်ဆစ်များ ဖမ်းမိ

ကွတ်ခိုင်အနီးလှိုဏ်ဂူအတွင်းမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးချက်ရာတွင်သုံးသော အက်ဆစ်များ ဖမ်းမိ

 

ရန်ကုန်၊ မေလ ၁၁ ။                 ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာ အနီးရှိ လိုဏ်ဂူတစ်ခုအတွင်းမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော အက်ဆစ်များဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ မေလ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကွတ်ခိုင်မြို့နယ်အတွင်း လုံခြံုရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက ကောင်းခါးကျေးရွာ၏ တောင်ဘက် မီတာ ၂ဝဝဝ ခန့်အကွာရှိ တောင်ကမ်းပါးယံသို့ ရောက်ရှိစဉ် သစ်ချောင်းများ၊ မိုးကာစနှင့် မြေကြီးတို့ဖြင့် ဖုံးအုပ်ထားသည့် နေရာတစ်ခုကိုတွေ့ရှိသဖြင့် ရှင်းလင်းရာမှ အကျယ် ၁၅ ပေ၊ အရှည် ၅ဝ ပေခန့်ရှိ လှိုဏ် ဂူတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လှိုဏ်ဂူအတွင်းမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် အက်ဆစ်များ ထည့်ထားသော ၅ဝ ဂါလန်ဝင်ပလတ်စတစ် ပီပါ ၁ဝဝ လုံး၊ သံပီပါ ၂၅ လုံး၊ ၅ ဂါလန်ဝင် ပလတ်စတစ်ပုံး ၃၃ဝ လုံး၊ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ကျည်လေးတောင့်တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော အက်ဆစ်များ ကို ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly