နစ်မြုပ်တောင်ကိုရီးယားကူးတို့သင်္ဘောအား ပြန်ဆယ်တည့်မတ်ရာသို့ သေဆုံးသူများ၏ မိသားစုများ လာရောက်ကြည့်ရှု

နစ်မြုပ်တောင်ကိုရီးယားကူးတို့သင်္ဘောအား ပြန်ဆယ်တည့်မတ်ရာသို့ သေဆုံးသူများ၏ မိသားစုများ လာရောက်ကြည့်ရှု

ဆိုးလ်၊ မေ ၁၀ ။        ။ တောင်ကိုရီးယားနိုင်ငံတွင် စီဝူး ကူးတို့သင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံးခဲ့သူများ၏ ကျန်ရစ်သူဆွေမျိုးသားချင်း ၁၅၀ နီးပါးက မေ ၁၀ ရက်တွင် မို့ပိုဆိပ်ကမ်း၌ ယင်းသင်္ဘောအား ပြန်လည်ဆယ်ယူထားကာ တည့်တည့်မတ်မတ် ထောင်မတ်သည့် အချိန်တွင် လာရောက်ကြည့်ရှုနေကြသည်။

စီဝူးကူးတို့သင်္ဘောသည် ၂၀၁၄ ဧပြီ ၁၆ ရက်က ဂျင်ဒိုကျွန်းကမ်းလွန်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ ကူးတို့ယာဉ်ပေါ် လူပေါင်း ၄၇၆ ဦးခန့် လိုက်ပါခဲ့ပြီး ၃၀၄ ဦး သေဆုံးခဲ့ကာ သေဆုံးသူအများစုက လေ့လာရေးခရီးစဉ်မှ ကျောင်းသားကျောင်းသူများ အများစု ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ယင်းကူးတို့ယာဉ်အား ပင်လယ်ကြမ်းပြင်မှ ဆွဲတင်ဆယ်ယူကာ ယခု မို့ပိုဆိပ်ကမ်းသို့ ဆွဲယူလာခြင်း ဖြစ်သည်။

ရုပ်အလောင်းများအား ရှာဖွေရေး အကူအညီဖြစ်ရန် ယင်းကူးတို့ယာဉ်ကို ဆိပ်ကမ်းတွင် ကရိန်းများဖြင့် မတ်မတ်ထောင်စဉ် ဝမ်းနည်းပူဆွေးမှုဖြင့် ကျန်ရစ်သူဆွေမျိုးများက ခေတ္တငြိမ်သက်တိတ်ဆိတ်နေခဲ့ကြောင်း အီးပီးအေက သတင်းပေးပို့သည်။

ဆိပ်ကမ်းတွင် ကူးတို့ယာဉ်သည် လပေါင်းများစွာ စောင်းလှဲအနေအထားဖြင့် ရှိခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရေးနှင့် ရှာဖွေရေးလုပ်ငန်းများ အဆင်ပြေရေးအတွက် ယခုကဲ့သို့ တည့်မတ်အောင် ထောင်မတ်ခြင်းလည်း ဖြစ်သည်။

ကူးတို့ယာဉ် နစ်မြုပ်ချိန်တွင် ပေါ့ဆမှုများ ရှိခဲ့သည်ဆိုကာ လူမှုမီဒီယာများတွင် စိတ်ဆိုးဒေါသဖြင့် တုံ့ပြန်မှုများ ရှိခဲ့ရာ စီဝူးစုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရသည်။

ထိုစုံစမ်းရေးကော်မရှင်က ကူးတို့သင်္ဘောသည် တရားမဝင်ပြုပြင်မွမ်းမံမှုများ လုပ်ထားပြီး ခွင့်ပြုဝန်ထက် နှစ်ဆပိုတင်ဆောင်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly