ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ အတွက် အကောင်းဆုံးပြင်ဆင်ထားဟု ဆို

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ အတွက် အကောင်းဆုံးပြင်ဆင်ထားဟု ဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲ တို့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်လျှက်ရှိသည်ဟု ၎င်းပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က မဇ္ဈိမကိုပြောသည်။

ဦးဝဏ္ဏမောင်လွင်က"ပါတီစုံဒီမိုကရေစီခေတ်မှာ ရွေးကောက်ပွဲဆိုတာ ၅ နှစ်တစ်ကြိမ်ရှိနေမှာပဲ။ ရှိနေတဲ့အခါမှာ အကောင်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်ပြီး ပြိုင်ရမှာပေါ့။"ဟု ပြောသည်။

ဆက်လက်၍ ၎င်းက"ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားလို့ရှိရင် ဒီမိုကရေစီပြည့်ပြည့်ဝဝ ထွန်းကားနေတဲ့ နိုင်ငံတွေ မှာတော့ အတိုက်အခံပါတီပဲဖြစ်စေ။ တစ်ဖက်ပါတီလို့ပဲပြောပြော ဒီမှာရှိနေတဲ့သူတွေဟာ လွှတ်တော်ထဲကို ရောက်ရှိသွားရင် တစ်ယောက်ဆိုလည်းတစ်ယောက် နှစ်ယောက်ဆိုလည်းနှစ်ယောက် သူတို့ရဲ့ပြောခွင့်ဆိုခွင့် တွေ ပြည့်ပြည့်ဝဝရရှိကြတယ်။ အခု ကျွန်တော်တို့ပါတီ ရှုံးနိမ့်ပြီး ဖြစ်ပေါ်လာတဲ့ ဒုတိယအကြိမ်လွှတ်တော်ထဲ မှာ ဖြစ်ပျက်နေတဲ့အနေအထားတွေ လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့်ရသလား။ ပြောဆိုခွင့်ရသလား။ အဆို တင်သွင်းခွင့်ရလား။မေးခွန်းတွေထုတ်ပြန်ခွင့်ရလား။ဒါတွေ ခင်ဗျားတို့သိပြီးဖြစ်တယ်။အဲအတွက် ရွေးကောက်ပွဲ မှာ အနိုင်ရရှိဖို့အရေးကြီးတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရမှမိမိနိုင်ငံရဲ့ မိမိပြည်သူရဲ့အကျိုးကို ထိထိရောက် ဆောင်ရွက်နိုင်မယ်။"ဟုပြောသည်။

လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိုယ်စားလှယ်အခွင့်အရေးအပြည့်အဝ မရရှိကြောင်း ၊ ဒီမိုကရေစီအပြည့်အဝရချင်ပါက ပြည်ခိုင်းဖြိုးနိုင်မှရလိမ့်မည်ဟု ဦးဝဏ္ဏမောင်လွင်က ပြောသည်။

"အခုချိန်မှာမိမိရဲ့ကိုယ်စားလှယ်တွေလွှတ်တော်ထဲမှာရှိသော်လည်းပဲ ကိုယ်စားလှယ်တွေရဲ့အခွင့်အရေး အပြည့်အဝရရှိခြင်း မရှိဘူးလို့ ကျွန်တော်တို့မြင်တယ်။မရှိတဲ့အတွက်ကြောင့် တစ်ဖက်က လွှဲမှားနေတယ်။ လုပ်ထုံးလုပ်နည်းတွေ မမှန်ဘူး။ပြည်သူလူထုအများအသိပေးတဲ့ကိစ္စတွေကို ဘယ်လိုပဲထောက်ပြ ထောက်ပြ တစ်ချက်လွတ်အမိန့်နဲ့ပယ်ချတာတွေ၊ ပိတ်ဆို့တားဆီးတာတွေ ဒါတွေ ခံနေရတဲ့အတွက် ဒါဟာ ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝမရဘူး။ အဲဒီလို ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ပေးချင်တယ်။ ရချင်တယ် ဆိုရင်တော့ ကျွန်တော်တို့ နိုင်မှရလိမ့်မယ်။ဒီအတွက် ကျွန်တော်တို့ အားလုံး အစွမ်းကုန်ကြိုးစားသွားမှာပါ” ဟု ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်၊နိုဝင်ဘာလ ၃ ရက်နေ့တွင် တိုင်းနှင့်ပြည်နယ်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ်အားလုံးတွင် ပြုလုပ်သွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly