ဖမ်းဆီးထားသော အမေရိကန်သုံးဦးအား မြောက်ကိုရီးယား ပြန်လွှတ်ပေး

ဖမ်းဆီးထားသော အမေရိကန်သုံးဦးအား မြောက်ကိုရီးယား ပြန်လွှတ်ပေး

ပြံုယမ်း၊ မေ ၁၀ ။                           ။ မြောက်ကိုရီးယားနိုင်ငံသည် ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသား သုံးဦးအား ပြန်လွှတ်ပေးရာ ၎င်းတို့မှာ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်အတူ   နိုင်ငံရင်းသို့ ပြန်လာပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၉ ရက်တွင် ပြောသည်။

"ကျွန်တော် ဝမ်းသာစရာသတင်းပါးရရင် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုဟာ လေယာဉ်နဲ့ မြောက်ကိုရီးယားနိုင်ငံကနေ ပြန်လာနေပါပြီ။ သူတို့အတူ ကျွန်တော်တို့ နိုင်ငံသားသုံးဦးပါ ပြန်ပါလာပါတယ်။"ဟု ထရမ့်က တွစ်တာတွင် ရေးသားသည်။

"နိုင်ငံသားသုံးဦးဟာ ကျန်းမာရေးကောင်းမွန်ပုံလည်း ရှိပါတယ်။"ဟု ထရမ့်က ရေးသားပြီး မေ ၁၀ ရက်အစောပိုင်းတွင် မာရီလန်းရှိ Joint Base Andrew လေဆိပ်သို့ ရောက်ရှိကြမည်ဖြစ်ကာ ၎င်းက သွားရောက်ကြိုဆိုဂုဏ်ပြုမည်ဖြစ်ကြောင်းလည်း ဆိုသည်။

အဆိုပါ အမေရိကန်သုံးဦးကို သူလျှိုထောက်လှမ်းမှုနှင့် နိုင်ငံအား ရန်လိုသောလှုပ်ရှားမှုများဖြင့် စွပ်စွဲကာ မြောက်ကိုရီးယားနိုင်ငံက စစ်အကျဉ်းသားများအဖြစ် ဖမ်းဆီးထားခြင်း ဖြစ်သည်။

၎င်းတို့မှာ ကင်ဒေါင်ချုး(၆၄ နှစ်)၊ ကင်ဆန်ဒက်(၅၈ နှစ်)နှင့် ကင်ဟတ်ဆောင်(၆၀ နှစ်)တို့ ဖြစ်ကြပြီး တောင်ကိုရီးယားတွင် မွေးဖွားသူများဖြစ်ကာ အမေရိကန်နိုင်ငံသား ခံယူထားကြသူများ ဖြစ်သည်။

ဝန်ကြီး ပွန်ပီယိုသည် ထရမ့်နှင့် ကင်ဂျူံးအွန်တို့၏ လာမည့်သီတင်းပတ်အနည်းငယ်အတွင်း ကျင်းပရန်ရှိသော ထိပ်သီး အစည်းအဝေးအတွက် ပြင်ဆင်မှုအဖြစ် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly