ဗုံးနှစ်ကြိမ်ဆင့် ပေါက်ကွဲမှုအတွင်း ကဘူးလ်၌ လူ လေးဦး သေဆုံး

ဗုံးနှစ်ကြိမ်ဆင့် ပေါက်ကွဲမှုအတွင်း ကဘူးလ်၌ လူ လေးဦး သေဆုံး

ကဘူးလ်၊ မေ ၉ ။         ။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က ရဲစီရင်စု ၁၀ နှင့် ၁၃ တို့တွင် အကွက်ချတိုက်ခိုက်သော ဖောက်ခွဲမှုနှစ်ရပ် ဖြစ်ပွားမှုအတွင်း ရဲတာဝန်ရှိသူနှစ်ဦးနှင့် သောင်းကျန်းသူနှစ်ဦးတို့ သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

ပထမ ဖောက်ခွဲတိုက်ခိုက်မှုသည် ရဲစီရင်စု ၁၃ တွင် နံနက် ဆယ့်တစ်နာရီခွဲခန့်က ဖြစ်ပွားပြီး ဖောက်ခွဲပြီးနောက် ဝင်ရောက်တိုက်ခိုက်မှုဖြစ်ရာ လုံခြံုရေးတပ်များနှင့် စစ်သွေးကြွများကြား နာရီအတန်ကြာ တိုက်ပွဲဖြစ်ပြီးမှ အဆုံးသတ်သွားသည့် တိုက်ခိုက်မှုဖြစ်ကြောင်း ကဘူးလ်ရဲချုပ်၏ အတွင်းဝန် အာမတ်ဇိုင်းက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲတာဝန်ရှိသူနှစ်ဦးနှင့် တိုက်ခိုက်ရေးသမားနှစ်ဦး သေဆုံးကြောင်း ကဘူူူးလ်ရဲဌာန ပြောခွင့်ရသူ စတန်နက်ဇိုင်းက ဆိုသည်။

ဒုတိယပေါက်ကွဲမှုသည် ရှားအီနော်အရပ် ရဲစီရင်စု ၁၀ တွင် ဖြစ်ပွားသည်။ "ဒီနေရာမှာ နယ်မြေရှင်းလင်းရေး လုပ်ကိုင်ဆောင်ရွက်နေတယ်။ သိပ်မကြာပဲ ဒီနယ်မြေကို ရဲတွေ ထိန်းချုပ်ရှင်းလင်းနိုင်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။"ဟု အဆိုပါ ပြောခွင့်ရသူက သောင်းကျန်းသူများက ပုဂ္ဂလိကအဆောက်အအုံတစ်လုံးကို သိမ်းပိုက်ထားကြောင်း ရှင်းပြလျက် ပြောခဲ့သည်။

ယင်းနယ်မြေအရပ်ကို လုံခြံုရေးတပ်များက ပိတ်ဆို့စည်းတားထားသည်။ ထိုပေါက်ကွဲမှုနှစ်ရပ်ဖြစ်ပြီး လူခြောက်ဦး ထိခိုက်ဒဏ်ရာကြောင့် ကုသမှုပေးနေရကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက ဆိုသည်။

ကဘူးလ်မြို့တော်တွင် ယခုနှစ်အတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားသည်ကို မြင်တွေ့ရပြီး ဧပြီ ၃၀ ရက်က ဂျာနယ်လစ်ဆယ်ဦးအဖွဲ့ အပါအဝင် လူပေါင်း ၂၅ ဦး သေဆုံးခဲ့သည့် အသေခံဗုံးခွဲမှုနှစ်ရပ် ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly