ရန်ကုန်ကို မြန်မာ့ရင်းနှီးမြုပ်နှံမှု ဗဟိုချက်အဖြစ်မျှော်မှန်းထား

ရန်ကုန်ကို မြန်မာ့ရင်းနှီးမြုပ်နှံမှု ဗဟိုချက်အဖြစ်မျှော်မှန်းထား

ရန်ကုန်၊ မေ ၉ ရက် ။         ။ ရန်ကုန်တိုင်းဒေသကြီးကို မြန်မာနိုင်ငံ၏ အဓိကရင်းနှီးမြုပ်နှံမှုဗဟိုချက်ဖြစ်စေရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မှုကော်မတီ (Yangon Region Investment Committee-YRIC) ၏ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့သည်။ ရန်ကုန်ရင်းနှီးမြုပ်နှံမှုဖိုရမ် ၂၀၁၈ (Yangon Investment Forum-YIF 2018) ကို ရန်ကုန်မြို့ Novotel Hotel Yangon Max ၌ မေလ ၉ ရက်နေ့တွင် ပထမဦးဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး ၄င်းအခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းဖိုရမ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြုပ်နှံနိုင်သည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းသွားမည်ဖြစ်ကာ လက်ရှိလုပ်ငန်းလုပ်ကို်င်နေသူများက ၄င်းတို့၏အတွေ့အကြံုကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်သည်။ ဖိုရမ်ကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မှုကော်မတီ (YRIC)၊ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၊ တို့မှ ကြီးမှူးကျင်းပပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံသူများဖွံ့ဖြိုးရေးအသင်း (MIDA)၊ ဂျာမနီနိုင်ငံမှ (GIZ)၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၊ PWC Myanmar၊ Novotel Hotel Yangon Max တို့က ကူညီပံ့ပိုးထားသည်။

"ကျွန်တော်တို့ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ရင်းနှီးမြုပ်နှံမှုမြို့တော်ကြီးဖြစ်သလို ရင်းနှီးမြုပ်နှံမှုအများဆုံးရှိရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန် Region ဟာ Investment Hub In Myanmar ဆိုပြီး မြန်မာနိုင်ငံရဲ့အဓိကကျတဲ့ Investment Hub တစ်ခုဖြစ်ဖို့အတွက် ကျွန်တော်တို့မျှော်မှန်းထားပါတယ်။ ဒီ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ရဲ့လူဦးရေ ၄၀ % နူန်းလောက်တည်ရှိတဲ့ အိန္ဒိယနဲ့ကပ်လျက်ရှိတဲ့ အရေးကြီးတဲ့နေရာတစ်ခုမှာတည်ရှိနေတဲ့ Strategic Area တစ်ခုမှာတည်ရှိနေတယ်ဆိုတာ ရင်းနှီးမြုပ်နှံသူတွေအားလုံး သိပြီးဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မှုကော်မတီ (Yangon Region Investment Committee-YRIC) ၏ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း က ပြောသည်။

ထို့အပြင် အသစ်ထပ်မံခွင့်ပြုသော ရင်းနှီးမြုပ်နှံမှုများသည် ရန်ကုန်တိုင်းဒေသကြီးအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၂,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မှုကော်မတီ (Yangon Region Investment Committee-YRIC) က မျှော်လင့်ထားသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ရ.၂ သန်းခန့် နေထိုင်ကြသည်ကို တွေ့ရပြီး ၂၀၃၀ ခုနှစ်အရောက်တွင် လူဦးရေ ၁၀ သန်းခန့် ဖြစ်သာမည်ဟု ခန့်မှန်းထားသည်။

"ရန်ကုန်တိုင်းဒေသကြီးမှာပိုင်ဆိုင်ထားတဲ့အရင်းအမြစ်များကိုအသုံးချပြီး အလားအလာရှိတဲ့အခွင့်အလမ်းများကိုဖော်ထုတ်နိုင်စေရန်အတွက် Yangon Investment Forum 2018 ကို ကျင်းပခြင်းဖြစ်တဲ့အတွက်ကြောင့် ကျင်းပနေတဲ့ကာလအတွင်းမှာ ခိုင်မာသောရင်းနှီးမြုပ်နှံမှုများကိုအားပေးရန် ရင်းနှီးမြုပ်နှံမှုမူဝါဒများလည်း ချမှတ်ပြီးဖြစ်ပါတယ်။ ဒီအတွက်ကြောင့်မို့ပြည်တွင်းမှာရှိတဲ့ တို်င်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များနဲ့အတူ ပြည်ပမှာနေပြီးတော့ ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြုပ်နှံဖို့အလို့ငှာ လာရောက်ပြီးတော့ရင်းနှီးမြုပ်နှံမှုဆောင်ရွက်ကြမယ့်ပုဂ္ဂိုလ်များအားလုံးဟာ တစ်ပြေးညီတူညီတဲ့အခွင့်အလမ်းတွေရရှိကြမှာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (Myanmar Investment Commission-MIC) ၏ ဥက္ကဋ္ဌ ဦးကျော်ဝင်း က ပြောသည်။

ရင်းနှီးမြုပ်နှံမှုဥပဒေအရ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မှုကော်မတီ (YRIC) အနေဖြင့် အမေရိကန်ဒေါ်လာ ၅ သန်း (မြန်မာငွေ ကျပ် သန်း ၆,၀၀၀) အောက် ရင်းနှီးမြုပ်နှံမှုများကို ခွင့်ပြုမိန့်ထုတ်ပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅ သန်း နှင့်အထက် ပမာဏများအတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (Myanmar Investment Commission-MIC) က ခွင့်ပြုမိန့်ထုတ်ပေးရမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၌ မြန်မာတစ်နိုင်ငံလုံး စက်မှုဇုန်များ၏ ၅၃ % တည်ရှိနေပြီး တစ်နိုင်ငံလုံးစုစုပေါင်း သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများ၏ ၈၅ % ခန့် ရှိနေသည်။ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့်ကုမ္ပဏီစုစုပေါင်း ၂,၂၃၃ ခု ၏ ၆၄ % နူန်းမှာ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိနေသည်။ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ် မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၈၄၅ ခု ရှိခဲ့ကာ ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၀,၂၇၅ ဒဿမ ၈၄၇ အထိရှိခဲ့သည်။ ၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ် မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၅၈၅ ခု ရှိခဲ့ပြီး ရင်းနှီးမြုပ်နှံမှုပမာဏ ငွေကျပ် သန်းပေါင်း ၆,၉၉၀,၃၁၃ ဒဿမ ၉၅၃ အထိရရှိခဲ့သည်။

ရန်ကုန်ရင်းနှီးမြုပ်နှံမှုဖိုရမ် ၂၀၁၈ (Yangon Investment Forum-YIF 2018) ကို တက်ရောက်ရန်စာရင်းပေးထားသည့် ပြည်တွင်း၊ ပြည်ပ မှ လူဦးရေ တစ်ထောင်ကျော်တက်ရောက်ခဲ့သည်ဟု ဧည့်ကြိုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly