ဆီးရီးယားမြို့တော်အနီး၌ အစ္စရေးမှပစ်ခတ်လိုက်သော ဒုံးပျံနှစ်စင်းကို ဆီးရီးယားစစ်တပ်ပစ်ချ

ဆီးရီးယားမြို့တော်အနီး၌ အစ္စရေးမှပစ်ခတ်လိုက်သော ဒုံးပျံနှစ်စင်းကို ဆီးရီးယားစစ်တပ်ပစ်ချ

 

ဒါမာစကပ်၊ ဆီးရီးယား၊ မေ ၉ ။          ။ ဆီးရီးယားနိုင်ငံမြို့တော် ဒါမာစကပ်မြို့အနီးသို့ ဦးတည်ပျံသန်းလာသော အစ္စရေးမှပစ်ခတ်လိုက်သည့် ဒုံးပျံ နှစ်စင်းကို ဆီးရီးယားစစ်တပ်က အင်္ဂါနေ့ညက ကြားဖြတ်ပစ်ချခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန SANA က သတင်းတင်ပြခဲ့သည်။

SANA ၏အဆိုအရ မြို့တော်အနီးရှိ ကစ်စ်ဝါခရိုင်ထဲသို့ အစ္စရေးတို့ဘက်မှပစ်လွှတ်လိုက်သော ဒုံးပျံနှစ်စင်းကို လေကြောင်းကာကွယ်ရေးတပ်မှ ကြားဖြတ်ပစ်ချခဲ့သည်ဟု သိရပြီး စောင့်ကြည့်လေ့လာသူများကမူ ယင်းဖြစ် စဉ်အတွင်း အစိုးရကိုလိုလားသောတပ်ဖွဲ့မှ တပ်သား ၉ ဦးသေဆုံးခဲ့သည်ဟု ပြောဆိုခဲ့သည်။

အစောပိုင်းက SANA သတင်းအေဂျင်စီက မြို့တော်တောင်ပိုင်းရှိ ဆင်ခြေဖုံးအရပ်၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ သည်ဟု တင်ပြခဲ့ပြီး ရုပ်သံမှထုတ်လွှင့်သော ဗီဒီယိုမှတ်တမ်းထဲ၌ ပစ်မှတ်ထားတိုက်ခိုက်ခံရသော နယ်မြေ အတွင်း၌ မီးများလောင်ကျွမ်းနေသည်ကို တွေ့မြင်ရသည်။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဖြစ်သူ ရာမီ အက်ဘ်ဒယ်ရာမန်က အစ္စရေးမှပစ်လွှတ်လိုက်သော ဒုံးပျံများသည် အီရန်နှင့် ဟစ်ဇ်ဘိုလာတို့ပိုင်ဆိုင်သော ကစ်စ်ဝါအရပ်ရှိ လက်နက်တိုက်များဆီသို့ ဦးတည်ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

အစ္စရေးတို့၏ ရန်လိုသောတိုက်ခိုက်မှုကြောင့် ဒါမာစကပ်မြို့တောင်ပိုင်းအရပ်ရှိ အဝေးပြေးလမ်းမပေါ်၌ ဆီးရီးယားအရပ်သား ၂ ဦး ပေါက်ကွဲမှုဒဏ်များကြောင့် သေဆုံးခဲ့ရကြောင်း SANA သတင်းအေဂျင်စီက တင်ပြခဲ့သည်။

ဒါမာစကပ်မြို့တောင်ပိုင်းအရပ်ကို အစ္စရေးတို့ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ ယခုအကြိမ်သည် ပထမဦးဆုံး အကြိမ်မဟုတ်ပဲ ပြီးခဲ့သောဒီဇင်ဘာလကလည်း ကစ်စ်ဝါနယ်မြေအတွင်းရှိ စစ်စခန်းများကို ဗုံးခွဲတိုက်ခိုက်ခဲ့ ဖူးသည်။

အစ္စရေးတို့က အီရန်နှင့် ဟစ်ဇ်ဘိုလာတို့အနေဖြင့် ဆီးရီးယားနယ်မြေကိုခြေကုပ်ယူပြီး ၄င်းတို့၏နယ်စပ် တစ်လျှောက် စစ်စခန်းများ ခြေကုပ်ရယူထားမည်ကို စိုးရိမ်လျက်ရှိသည်။

အစ္စရေးတို့သည် ၄င်းတို့သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသတစ်လျှောက်၌ အီရန်တပ်ဖွဲ့များ မူမမှန်စွာ လှုပ်ရှားနေသည်ကို တွေ့ရှိရသောကြောင့် ယင်းကုန်မြင့်ဒေသပေါ်၌ ဒုံးပျံစခန်းများဖွင့်လှစ်ဖို့ အစ္စရေးစစ်တပ်က အစ္စရေးအာဏာပိုင်များထံ အမိန့်တောင်းခံထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags