မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်း တရုတ်ကို ထပ်လာသွားခဲ့ဟု ကောလာဟလထွက်ပေါ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်း တရုတ်ကို ထပ်လာသွားခဲ့ဟု ကောလာဟလထွက်ပေါ်

မေ ၈ ။           ။ မြောက်ကိုရီးယား  အထူးအရေးကြီးပုဂ္ဂိုလ်တွေသာ စီးလေ့ရှိတဲ့ လေယာဉ်တစ်စင်း မေလ ၈ ရက်က တရုတ်နိုင်ငံကနေ ထွက်ခွာပျံတက်သွားခဲ့တယ်ဆိုပြီး ဂျပန် မီဒီယာတစ်ခုက ဖော်ပြခဲ့တဲ့နောက်မှာတော့ ဒါဟာ မြောက်ကိုရီးယား ကင်မ်ဂျုံအန်း တရုတ်ကို လျှို့ဝှက်လာရောက်ခဲ့တာဖြစ်နိုင်ကြောင်း ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တရုတ် အရှေ့မြောက် ဆိပ်ကမ်းမြို့ Dalian ကနေ လေယာဉ်နှစ်စင်း ပျံသန်းသွားခဲ့ပုံတွေကို NHK ရုပ်သံဌာနက ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ယင်းလေယာဉ်နှစ်စင်းအနက် တစ်စင်းကတော့ မြောက်ကိုရီးယား လေကြောင်းလိုင်း Air Koryo  ပိုင်လေယာဉ်တစ်စင်းဖြစ်ပြီး ကျန်တစ်စင်းကတော့ ပြံုယမ်းက အဆင့်မြင့်အရာရှိကြီးတွေ အသုံးပြုတဲ့ တစ်စင်း ဖြစ်နေတယ်လို့ သိရပါတယ်။

ယခုလို မြောက်ကိုရီးယား အဆင့်မြင့်ပုဂ္ဂိုလ် တစ်ယောက်ယောက်များ နိုင်ငံကို လာရောက်ခဲ့သလား ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အတည်ပြုခြင်း မရှိသလို ငြင်းပယ်ခြင်းလည်း မပြုခဲ့ပါဘူး။

" ဒီကိစ္စနဲ့ပတ်သက်လို့ လောလောဆယ် ဘာပြောစရာ စကားမှ မရှိပါဘူး၊ တရုတ်နဲ့ မြောက်ကိုရီးယားဆိုတာက ရင်းနှီးနဲ့ အိမ်နီးချင်းတွေပါ၊ ဒါကြောင့် ပုံမှန်အတိုင်းတော့ အပြန်အလှန် ဆက်ဆံမှု ရှိပါတယ်" ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Geng Shuang  က ပြောသွားပါတယ်။

အကယ်၍ ယင်းကိစ္စသာ အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ဒါဟာ ကင်မ်အတွက်တော့ ယခုနောက်ဆုံး သွားရောက်ခဲ့တဲ့ သံတမန် ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ကင်မ်အနေနဲ့ကတော့ ပြီးခဲ့တဲ့လက တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့လည်း သမိုင်းဝင်တွေ့ဆုံထားခဲ့သလို ဇွန်လထဲမှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

မြောက်ကိုရီးယား ကင်မ်ဂျုံအန်းကတော့ ပြီးခဲ့တဲ့ မတ်လတုန်းက ၎င်းရဲ့ ပထမဆုံးသော တရားဝင်ပြည်ပခရီးစဉ်အဖြစ် တရုတ်ကို မီးရထားနဲ့ ရောက်သွားခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly