မန်ယူနည်းပြဟောင်းဖာဂူဆန်၏ ကျန်းမာရေးအခြေအနေတိုးတက်လာ

.

 

 

မန်ယူနည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ဟာ ဦးနှောက်သွေးယိုစီးမှုကို ခွဲစိတ်ကုသမှုခံယူပြီးနောက်မှာ ကိုမာအခြေအနေကနေ လွတ်မြောက်လာပြီး ကျန်းမာရေးတိုက်တက်လာတဲ့ အစောပိုင်းလက္ခဏာတွေကို ပြသခဲ့ပါတယ်။

ဗြိတိန်ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး နည်းပြဟာ ဂရုစိုက်စောင့်ကြည့်ခံရဦးမယ့်အခြေအနေမှာ ရှိနေပေသေးပေမဲ့လည်း စနေနေ့က စတင်တက်ရောက်ခဲ့တဲ့ ဆဲလ်ဖို့ဒ်ရွိုင်ရယ်ဆေးရုံမှာ တနင်္လာနေ့က ထိုင်နိုင်၊ မိသားစုနဲ့ မိတ်ဆွေတွေကို စကားပြော နိုင်ခဲ့ပါတယ်။

ခွဲစိတ်ကုသမှုကောင်းကောင်းအောင်မြင်ခဲ့ပြီး အသက် ၇၆ နှစ်အရွယ် ဖာဂူဆန်ရဲ့ တုန့်ပြန်မှုကလည်း ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ အလုံးစုံစိတ်ချရဖို့အတွက်တော့ တဖြည်းဖြည်းနဲ့ အချိန်ယူစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

၂၀၁၃ မှာ နည်းပြလောက ကနေ အနားမယူမီ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ၂၆ နှစ်တာကာလအတွင်း ဆုဖလား ၃၈ လုံးထိရယူခဲ့တဲ့ ဖာဂူဆန်ရဲ့ကျန်းမာရေးအခြေအနေ သတင်းက   ဘောလုံးလောကကို တုန်လှုပ်သွားစေခဲ့ရပါတယ်။

ဖာဂူဆန်ရဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေဖို့ မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်သူတွေ၊ ကစားသမားဟောင်းတွေနဲ့ ဘောလုံးကမ္ဘာကပါ ဆုတောင်း မက်ဆေ့ခ်ျတွေ ပို့သခဲ့ကြပါတယ်။