အီရတ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းကို ၄င်းတို့လုပ်ကြံခဲ့ဟု အိုင်အက်စ်ကြေညာ

အီရတ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းကို ၄င်းတို့လုပ်ကြံခဲ့ဟု အိုင်အက်စ်ကြေညာ

ဘဂ္ဂဒတ်၊ အီရတ်၊ မေ ၈ ။               ။ ရွေးကောက်ပွဲ၌ဝင်ရောက်ယှဉ်ပြိုင်မည့် အီရတ်ကိုယ်စားလှယ်လောင်းတစ်ဦးသည် နိုင်ငံမြောက်ပိုင်းရှိ သူ၏ နေအိမ်၌ တနင်္လာနေ့က သေနတ်သမားများ၏ ပစ်ခတ်လုပ်ကြံမှုကိုခံခဲ့ရပြီး ယင်းဖြစ်စဉ်၏အဓိကလက်သည် မှာ ၄င်းတို့ဖြစ်သည်ဟု အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တို့က ကြေညာခဲ့သည်။

သေနတ်သမားများသည် ကိုယ်စားလှယ်လောင်း၏နေအိမ်သို့ မနက်ဝေလီဝေလင်းအချိန်တွင် ၀င်ရောက်လာခဲ့ ကာ သူ့ကိုသေနတ်နှင့် အသေပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းအာဏာပိုင်တစ်ဦးဖြစ်သူ ဆာလားအယ် ဂျူဘူရီက ပြောခဲ့သည်။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ကိုယ်စားလှယ်လောင်းမှာ အသက် ၄၅နှစ်အရွယ်ရှိ ဖာရက်ဇာဇာအယ်လ်ဂျူဘူရီ ဟု သိရပြီး သူသည် ရှီးအိုက်ဒုသမ္မတ အေယက်ဒ်အလာဝီ၏ အမျိုးသားမဟာမိတ်အဖွဲ့မှ ဆွန်နီအဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု သိရသည်။

အိုင်အက်စ်တို့ကမူ ဇာဇာအယ်လ်ဂျူဘူရီသည် ဘာသာမဲ့တစ်ဦးဖြစ်သောကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ရခြင်း ဖြစ်သည်ဟု ကြေညာခဲ့သည်။ အိုင်အက်စ်တို့က ၄င်းတို့သည် မဲရုံများ၊ မဲပေးသူများနှင့် ကိုယ်စားလှယ်လောင်း များကို ပစ်မှတ်ထားတိုက်ခိုက်သွားဖို့ အစီအစဉ်ရှိကြောင်း ပြီးခဲ့သောဧပြီလကတည်းက ခြိမ်းခြောက်ခဲ့သည်။

“ရွေးကောက်ပွဲမှာပါ၀င်ဖို့ စည်းရုံးသူတွေနဲ့ပါ၀င်သူတွေကို ကျုပ်တို့က တရားစီရင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မဲရုံတွေကိုလည်း ပစ်မှတ်ထားသွားမှာဖြစ်ပါတယ်။ ဒါကြောင့် မဲရုံတွေနဲ့ ဝေးဝေးနေပါ။ အနားကနေတောင် ဖြတ်မလျှောက်ကြပါနဲ့” ဟု အိုင်အက်စ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဘူဟတ်ဆန်အယ်လ်မူဟာဂျာက ပြောခဲ့ သည်။

ဇာဇာအယ်လ်ဂျူဘူရီသည် လုပ်ကြံသတ်ဖြတ်ခြင်းမခံရမီတစ်ရက်အလိုက သူ၏ဖေ့စ်ဘုတ်ပေါ်သို့ ဗီဒီယိုဖိုင် တစ်ခုတင်ခဲ့ပြီး သူတို့အနေဖြင့် အင်အားကောင်းသောအစိုးရအဖွဲ့ကိုဖွဲ့စည်းကာ ဆင်းရဲနွမ်းပါးသူများ၊ အာဇာနည်မိသားစုဝင်များ၊ နိုင်ငံသားများကို စောင့်ရှောက်မည့်အပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကို လုပ်ဆောင်သွားဖို့ ကတိပေးခဲ့သည်။

အီရတ်နိုင်ငံ၌ နိုင်ငံတော်ရွေးကောက်ပွဲများကို လာမည့်စနေနေ့တွင် စတင်ကျင်းပသွားရန်စီစဉ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags