FDA အမျိုးသမီးအမှုတွင် ဖမ်းဆီးခံထားရသော မျိုးဇော်ဦးက ၎င်းဖြောင့်ချက်အား လာမည့် ရုံးချိန်းတွင် ရုပ်သိမ်းမည်

FDA အမျိုးသမီးအမှုတွင် ဖမ်းဆီးခံထားရသော မျိုးဇော်ဦးက ၎င်းဖြောင့်ချက်အား လာမည့် ရုံးချိန်းတွင် ရုပ်သိမ်းမည်
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ မေလ ရ ။               ။ FDA ဝန်ထမ်း အမျိုးသမီး အဓမ္မပြုကျင့်သတ်ခံခဲ့ရသည့်အမှုတွင် ဖမ်းဆီးခံထားရသော မျိုးဇော်ဦးက ၎င်းအား ဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုခဲ့သော ဖြောင့်ချက်ကို လာမည့်ရုံးချိန်းတွင် ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး ယနေ့ မေလ ရ ရက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် မျိုးဇော်ဦး (ခ) ဆီဒိုး နားဆိုသူအား ၁၂ ကြိမ်မြောက် ရုံးထုတ်ခဲ့ကာ တရားလိုပြုလုပ်တိုင်ကြားခဲ့သူ ဒုရဲအုပ်ယာချမ်းမြေ့အောင်ကို ပြန်ခေါ်သက်သေအဖြစ် မျိုးဇော်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ အထက်ရှေ့နေ ဦးမောင်မောင်စိုးကစစ် မေးခဲ့သည်။

ထိုသို့ ဒုရဲအုပ်အား စစ်မေးအပြီး တရားခွင်မှ အထွက်တွင် အထက်ရှေ့နေဦးမောင်မောင်စိုးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ဖြောင့်ချက်ရုပ်သိမ်းတယ်ဆိုတာ တရားခံက သူတို့ ဖမ်းထားတဲ့အချိန်တုန်းက ဖြောင့်ချက်ပေးထားတယ်။ အဲ့ဒီဖြောင့်ချက်ကို ရုပ်သိမ်းလိုရင် မျိုးဇော်ဦးမှာ ရုပ်သိမ်းခွင့်ရှိတယ်။ ဘယ်အချိန်မှာ ရုပ်သိမ်းမလဲဆိုတော့ သူ့ကို စစစ်တဲ့အခါ ကျွန်တော် ဖြောင့်ချက်ကို ရုပ်သိမ်းလိုပါတယ်ဆိုပြီး လျှောက်ရမယ်။ လျှောက်တော့ တရားရုံးက မှတ်တမ်းတင်ရတယ် ”ဟု အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

မျိုးဇော်ဦး(ခ) ဆီဒိုးနားက ရဲရှေ့တွင် ထွက်ဆိုခဲ့သော အမှုဖြောင့်ချက်နှင့် ပတ်သက်၍ ရာဇဝတ် ကျင့်ထုံးဆိုင် ရာဥပဒေ- ၁၆၄၊ ၃၆၄ အရ ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ ခြိမ်းခြောက်တာ ဒါမှမဟုတ်ရင် သူ့ကို ပရိယာယ်နဲ့ ရဲရဲ့ အတတ်ပညာနဲ့ ဖျားယောင်းသွေးဆောင်တယ် အဲ့ဒါ တွေကြောင့် ဖြောင့်ချက်ပေးရတယ်။ တချို့ကိစ္စတွေမှာ မင်းလုပ်တယ်မို့လား ဟုတ်ကဲ့လုပ်ပါတယ်။ အဲ့သလိုနဲ့ ကြောက်ပြီး ထွက်ဆိုတာဖြစ်တယ်။ မျိုးဇော်ဦး ကျူးလွန်ခဲ့တယ်၊ မကျူးလွန်ခဲ့ဘူးဆိုတာ တရားလို ပြသက်သေ အားလုံးစစ်ဆေးပြီးအရ မျက်မြင်သက်သေတစ်ဦးမှလည်း မရှိဘူး။ သူ့ပယောကြောင့် သေခဲ့တာတော့ မှန် တယ်၊ အဲ့လိုကျူးလွန်ခဲ့ခြင်းရှိ၊ မရှိကတော့ သံသယအဆင့်ပဲရှိသေးတယ်။ ရာခိုင်နှုန်း ၈ဝ လောက်ကမဟုတ် တာများတယ်”ဟု ဦးမောင်မောင်စိုးက ဆက်ပြောသည်။

အမှုရင်ဆိုင်နေရသူ မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူနှင့် ၎င်း၏ ဦးလေး ဖြစ်သူ ဦးအောင်ဇော်ဦးကို လာမည့် မေလ ၁၄ ရက်နေ့ ရုံးချိန်းတွင် စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

FDA ဝန်ထမ်း ဒုတိယဦးစီးမှူး အမျိုးသမီး အဓမ္မပြုကျင့်သတ်ခံခဲ့ရသည့် အမှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၃ဝ ရက်နေ့ ရုံးချိန်းက တရားရင်ဆိုင်နေရသည့် မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူအား ခရိုင်တရားသူကြီးက သေ ဒဏ်ထိပြစ်ဒဏ်ချမှတ်နိုင်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂ (၁)(ဂ)ဖြင့် စွဲချက်တင်အမိန် ့ချမှတ်ခဲ့သည်။

ထိုသို့ စွဲချက်တင်ခဲ့ခြင်းမှာ တရားလိုပြသက်သေများ စစ်ဆေးချက်နှင့် ဆေးစစ်ချက်အရ မျိုးဇော်ဦးဆိုသူက FDA ဝန်ထမ်းအမျိုးသမီးထံမှ လက်ဝတ်လက်စားများလုယက်ခဲ့သည့်အပြင် ဓမ္မတာနှင့်ဆန့်ကျင်သည့် မုဒိန်းမှုအားကျူးလွန်နေစဉ် လူသတ်မှုကိုပါ ကျူးလွန်ခဲ့သည်ဟု ယုံကြည်သည့်အတွက် ခရိုင်တရားသူကြီးက စွဲချက်တင်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က မြောက်ဥက္ကလာပဆေးရုံမှ မှုခင်းဆရာဝန်ကြီး၊ အထူးကုဆရာဝန် ဒေါက်တာထွန်းလင်းထွန်းလာရောက်ထွက်ဆိုခဲ့ရာတွင် ဆေးစစ်ချက်အရ အမျိုးသမီး အင်္ဂါအတွင်း ထိုးသွင်းထားသောလက္ခဏာ ရှိသော်လည်း သုက်ပိုးမတွေ့ရကြောင်း တရားခွင်တွင် ထွက်ဆို ခဲ့သည်။

မျိုးဇော်ဦးဆိုသူကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ခေါ်ယူ ဆေးစစ်ချက်အရ မျိုးဇော်ဦး ခန္ဓာကိုယ်ပေါ်၌ ပြင်ပဒဏ်ရာများ တွေ့ရှိရပြီး အမျိုးသားသုက်ပိုးကိုမှု တွေ့ရှိခြင်းမရှိကြောင်း မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။ FDA ဝန်ထမ်းအမျိုးသမီး သေဆုံးရခြင်း အဓိကအချက်မှာ မှုခင်းဆရာဝန်ထွက်ဆိုချက်အရ လည်ပင်းပတ် လည်အား တင်းကျပ်အောင် ဖိနှိပ်ခံထားရသည့်အတွက် လည်ပင်းအရှေ့ဘက် အရိုးငယ်ကျိုးတဲ့ဒဏ်ရာ၊ လည်ပင်းကြွက်သားတွင် သွေးသွန်၊ သွေးခြေဥ၊ ဖူးရောင်မှုများ တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် ရင်ဘတ် ဖူးရောင်ဒဏ်ရာများ တွေ့ရကာ ရင်ညွှန့်မှာ ကျိုးနေသည့်အတွက် လည်ပင်းနှင့် လည်ပင်း အောက်ရှိ အသက်ရှုပြွန်များပိတ်ဆို့နေပြီး အသက်မရှုနိုင်ခြင်း၊ အဆုတ်နှင့် ရင်ခေါင်းကြွက်သားများ အလုပ် မလုပ်နိုင်ခြင်းကြောင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly