၂၀၂၂ တွင် ရန်ကုန်ကို ဆေးလိပ်ကင်းစင်မြို့တော်အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်မည်

၂၀၂၂ တွင် ရန်ကုန်ကို ဆေးလိပ်ကင်းစင်မြို့တော်အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်မည်
Photo-EPA/LYNN BO BO

ရန်ကုန်၊ မေ ရ ။            ။ ရန်ကုန်မြို့တော်တစ်ခုလုံးကို ၂၀၂၂ ခုနှစ်၌ ဆေးလိပ်ငွေ့ကင်းစင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့မြို့တော် ၅၀ ခုနှင့်ဆွေးနွေးပွဲတွင် စိန်ခေါ်မှုပြုလုပ်ခဲ့သည်ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဦးသန်းစိန်က ပြောသည်။

ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိမ်းချုပ်ရေးအတွက် မီဒီယာနှင့်တွေ့ဆုံပွဲတွင် ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းရုံး၌ မေလ ရ ရက်နေ့ ပြောခဲ့ခြင်းဖြစ်သည်။

"တစ်ကမ္ဘာလုံးမှာရှိတဲ့ မြို့ ၅၀ က မြို့တော်ဝန်တွေနဲ့တွေ့စုံပြီးတော့ Network တစ်ခု လုပ်ပါတယ်။ အဲဒီ Network မှာ ဘာလုပ်မလဲဆိုလို့ရှိရင် မြို့တော်ရဲ့ဆေးလိပ်ငွေ့ကင်းစင်ရေး ဘယ်လိုလုပ်မလဲဆိုတာ  ပြောပါတယ်။ ဆရာတို့အနေနဲ့ကတော့ ရန်ကုန်မြို့တော်ကိုဆေးလိပ်ငွေ့ကင်းစင်အောင် ၂၀၂၂ ခုနှစ်မှာ ရန်ကုန်မြို့တော်တစ်ခွင်လုံးဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်မယ်။ ဒီ ၂၀၁၈ ခုနှစ်ထဲမှာတော့ ကျောက်တံတား တစ်မြို့နယ်သည် ဆေးလိပ်ငွေ့ကင်းစင်တဲ့နယ်မြေဖြစ်အောင် နောက် ၆ လအတွင်းမှာ ကြေညာမယ်ဆိုပြီး စိန်ခေါ်မှုလုပ်ခဲ့ပါတယ်" ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ဥက္ကဌ ဦးသန်းစိန်က ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ ကျောက်တံတားမြို့နယ်ကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လတွင် သတ်မှတ်ဖော်ဆောင်သွားရန် ဇွန်လမှစတင်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၄င်းက ပြောသည်။

ကျောက်တံတားမြို့နယ်တွင် ဥပဒေအရဆေးလိပ်မသောက်ရန်သတ်မှတ်ထားသည့် နေရာ ၁၁၄ နေရာ ရှိပြီး လက်ရှိအချိန်တွင် ကျောက်တံတားမြို့နယ်ရှိ ပညာရေး၊ သာသနာရေး အပါအဝင် ဌာနများနှင့် ခေါ်ယူဆွေးနွေးထားသည်ဟု ဆိုသည်။

ရန်ကုန်မြို့တော်တွင် ဆေးလိပ်ကင်းစင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ အခွန်တိုးမြှင့်ကောက်ခံသွားရန် ဆွေးနွေးသွားမည်ဖြစ်သည်ဟု သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်(၆လ)များတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးအခွန် တိုးမြှင့်ခြင်းမရှိသည့်အပြင် ဆေးပေါ့လိပ်၏အခွန်မှာလည်း လျော့သွားသည်ကို တွေ့ရသည်ဟု ဆိုသည်။

"တစ်ကမ္ဘာလုံးအတွေ့အကြံုအရဆိုရင် ဆေးလိပ်တန်ဖိုးရဲ့ ရ၀ % အခွန်ရှိရမယ်။ ဆေးလိပ်တန်ဖိုးက ၁၀၀ ရှိရင် အခွန်က ရ၀ % ရှိရမယ်။ ရှိလို့ရှိရင် ခုနကပြောတဲ့ ဆေးလိပ်သုံးစွဲမှု လျော့သွားမယ်လို့ဆိုတယ်။ ဒါကမ္ဘာကအတွေ့အကြံုပေါ့နော်။ မြန်မာပြည်မှာဘယ်လောက်ရှိလဲမေးမလို့လား ၃၀ % ပဲ ရှိတယ်"ဟု ပြည်သူ့ကျန်းမာရေးမှ ဦးသန်းစိန်က ပြောသည်။

၂၀၁၄ ခုနှစ် ဥပဒေအရ ဆေးလိပ်မသောက်ရနေရာများအဖြစ် ဆေးရုံအဆောက်အအုံနှင့် ပတ်ဝန်းကျင်၊ ဆေးကုသဂေဟာနှင့် ဆေးခန်းများ၊ ကလေးကစားကွင်းများ၊ အားကစားရုံ၊ အမိုးအကာရှိသည့် အားကစားကွင်းများ၊ စာသင်ကျောင်းများနှင့် ပတ်ဝန်းကျင်နေရာများ၊ တက္ကသိုလ် ဒီဂရီကောလိပ် တို့၏ စာသင်ခန်းနှင့် ရုံးခန်းနေရာများ၊ ရုပ်ရှင်ရုံများ၊ ဇာတ်ရုံများ၊ စျေးဝယ်စင်တာများ၊ စျေးရုံများ၊ စာဖတ်ခန်းများ၊ ပြတိုက်၊ မော်ကွန်းတိုက်များ၊ အများပြည်သူသုံး စာကြည့်တိုက်များ၊ ဓာတ်လှေကားနှင့် ရွေ့လျားစက် လှေကားများ၊ မော်တော်ယာဉ်နှင့် လေယာဉ်များ၊ လေအေးစက်တပ်ဆင်ထားသော အများပြည်သူသုံး အခန်းများ၊ ခန်းမများ၊ ကိုယ်ပိုင်ဘာသာရပ် သင်တန်းကျောင်းများကို သတ်မှတ်ထားသည်။ ၄င်းနေရာများကို ဆေးလိပ်မသောက်ရနေရာအဖြစ် သတ်မှတ်ကြောင်း စာသားများကပ်ထားရမည်ဟုလည်း ဥပဒေအရ ဖော်ပြထားသည်။

"ကျောင်းကိုသွားရင် ဒီကျောင်းဟာဆေးလိပ်ကင်းစင်တဲ့နယ်မြေဖြစ်တယ်ဆိုတာ ဆေးလိပ်မသောက်ရဘူး ဆိုတာ ဆိုင်းဘုတ်ကပ်ရမယ်လို့ ဥပဒေအရပြောပါတယ်။ ၂၀၁၄ က ထုတ်ထားတဲ့ဥပဒေ ဒီနေ့အထိ မလိုက်နာသေးတဲ့သူတွေရှိနေတယ်။ ဘယ်သူကမလိုက်နာတာလဲ အစိုးရအဖွဲ့တွေပဲ၊ အစိုးရဝန်ထမ်းတွေပဲ။ အဲဒါကြောင့်ခက်နေတာက ဆရာတို့ NGO အဖွဲ့အစည်းကနေပြီး အစိုးရ ခင်ဗျား မလိုက်နာဘူးလားဗျာလို့ ပြောရင် တော်တော်လေးအခက်ခဲရှိပါတယ်။"ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ဥက္ကဌ ဦးသန်းစိန် က ပြောသည်။

ဆေးလိပ်တွင် ဓာတုအမျိုးပေါင်း ၄၀၀၀ ကျော်နှင့် ကင်ဆာဖြစ်စေသည့်ပစ္စည်း ၂၂ မျိုးပါ၀င်နေပြီး  ဆေးလိပ် သောက်ခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ လည်ချောင်း ကင်ဆာနှင့် အခြားကင်ဆာများ၊ အဆုတ်လေပြွန်ယောင်ခြင်း၊ လက်နှင့်ခြေထောက်ရှိ သွေးလွှတ်ကြောကြီးများပိတ်၍ ခြေချောင်း၊ လက်ချောင်း ပုပ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်း၊ ပန်းသေပန်းညှိုးရောဂါ၊ မိခင်များတွင် ကိုယ်ဝန် ပျက်ကျခြင်း၊ ကလေးငယ်များ ပေါင်မပြည့်ခြင်း၊ မွေးကင်းစကလေးများ သေဆုံးခြင်းတို့ ဖြစ်စေနိုင်သည်။

ဆေးလိပ်သောက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် လူဦးရေ ရ၀၀,၀၀၀ ခန့်သေဆုံးနေရကာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ နှစ်စဉ်လူဦးရေ ရ သန်းခန့် သေဆုံးနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly