ယခုနှစ် မေဒေးနေ့ ကမ္ဘာတစ်ဝှမ်းမှာ အလုပ်သမားများ ဆန္ဒပြ

ယခုနှစ် မေဒေးနေ့ ကမ္ဘာတစ်ဝှမ်းမှာ အလုပ်သမားများ ဆန္ဒပြ

မေ ၂ ။                         ။ မေလ ၁ ရက်မှာ ကျရောက်သည့် မေဒေးနေ့ (ကမ္ဘာ့ အလုပ်သမားနေ့) တွင် ကမ္ဘာတစ်ဝှမ်း နိုင်ငံအများအပြား၌ အလုပ်သမားများ၊ တက်ကြွလှုပ်ရှားသူများက ၎င်းတို့၏ အလုပ်သမားအခွင့်အရေးများကို တောင်းဆိုသည့် ချီတက်ဆန္ဒပြပွဲများကို ကျင်းပခဲ့ကြသည်။

လုပ်ငန်းခွင် အတွင်း ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရေးနှင့် ကြုံတွေ့နေရသည့် အလုပ်သမားရေးရာ ပြဿနာများကို သက်ဆိုင်ရာ နိုင်ငံ အစိုးရများဘက်က ဖြေရှင်းပေးရေး တောင်းဆိုဆန္ဒပြမှုများမှာ ကမ္ဘာ့ နိုင်ငံအများအပြား၌ ပေါ်ပေါက်ခဲ့သည်။

ပြင်သစ်၊ ကျူးဘား၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ တူရကီ၊ ရုရှား၊ ယူကရိန်း၊ ဂရိ၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ချီလီ၊ အိန္ဒိယ၊ စပိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ သိရိလင်္ကာ၊ ကိုလံဘီယာ ၊ အာဂျင်တီးနား၊ ပါရာဂွေး စသည့် နိုင်ငံများတွင် အဆိုပါ အလုပ်သမား ဆန္ဒပြပွဲများကို မြင်တွေ့ခဲ့ရသည်။

ကိုလံဘီယာ နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြမှုတစ်ခုအတွင်း ဆန္ဒပြသူများက နာဇီဝတ်စုံဝတ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပုံတူ အရုပ်တစ်ခုကို မီးရှို့ဆန္ဒပြခဲ့ကြသည်။ ယင်းနိုင်ငံအနေဖြင့် ပြည်ပ၏ လွှမ်းမိုးမှု၊ အထူးသဖြင့် အမေရိကန်၏ လွှမ်းမိုးမှုအောက်ကနေ ရုန်းထွက်ရန် လိုနေပြီဖြစ်ကြောင်း ဆန္ဒပြသူများက တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ပြင်သစ်တွင် ယင်းမေဒေးနေ့က ဖြစ်ပွားသည့် ဆန္ဒပြမှုတစ်ခုအတွင်းမှာလည်း McDonald's ဆိုင်တစ်ဆိုင်အပါအဝင် အခြား စီးပွားရေးလုပ်ငန်းအဆောက်အအုံများ ဖျက်ဆီးတိုက်ခိုက်ခံရမှုများ ရှိခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်တွင်လည်း မြို့တော် မနီလာရှိ သမ္မတ အိမ်တော် အပြင်ဘက်မှာပင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly