YBS ယာဉ်လိုင်းသစ်တိုးချဲ့ပြေးဆွဲရန် ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ တင်ပြထား

YBS ယာဉ်လိုင်းသစ်တိုးချဲ့ပြေးဆွဲရန် ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ တင်ပြထား
ဓာတ်ပုံ - yangon bus service

 

ဧပြီ ၂၈။            ။ ယာဉ်လိုင်းသစ်တိုးချဲ့ပြေးဆွဲနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့(YRTA)ထံသို့ တင်ပြထားကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ သတင်းရရှိ သည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ YBS ယာဉ်လိုင်းသစ် နှစ်လိုင်းကိုတိုးချဲ့ပြေးဆွဲရန် တင်ပြထားပြီး ဦးစားပေးအနေဖြင့် ယာဉ်လိုင်းနံပါတ် ၈၆ ကို တင်ပြထားကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး(YBS) လက်ထောက်အထွေ ထွေမန်နေဂျာ ဦးတင်အောင်မိုးက ပြောသည်။

“ပြေးဆွဲဖို့လမ်းကြောင်းနှစ်ခုတင်ထားတယ်။ ဦးစားပေးတင်ထားတာက ယာဉ်လိုင်းနံပါတ် ၈၆ကိုတင်ထားတယ်။ လက်ရှိမှာတော့ YRTAကခွင့်မပြုသေးဘူး။ ၈၆ကတော့ အင်းစိန်(ရွာမ)ကနေ ပုစွန်တောင်(သီတာဆိပ်)အထိ ပြေးဆွဲဖို့တင်ထားတယ်။ နောက်တစ်လိုင်းက အရင်အဓိပတိ(အပြာ)ပြေးဆွဲတဲ့လမ်းကြောင်းကို တင်ထားတယ်။ အကြောင်းပြန်တာတော့ မရောက်လာသေးဘူး” ဟု ၎င်းကပြောသည်။

ယာဉ်လိုင်းသစ်တိုးချဲ့ပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့သို့ တင်ပြပြီး ယင်းအတွက် ဆုံးဖြတ်ချက်မချရသေးကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။

“တင်ပြထားတယ်။ အဲဒါက မဆုံးဖြတ်ရသေးဘူး” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေးအနေဖြင့် ယာဉ်အစီးရေ ၂၄၄ စီးဖြင့် ယာဉ်လိုင်း ငါးလိုင်းပြေးဆွဲနေသလို ၁၈၈စီးကို အရံထားကာ ယာဉ်လိုင်းသစ် ပြေးဆွဲရန် YRTA ကိုတင်ပြထားပြီး ၂၀၁၃၊ ၂၀၁၄ မော်ဒယ် ခရီးသည်တင်ယာဉ်များဖြစ် ကြောင်း သတင်းရရှိသည်။

ယခင် မထသလက်ထက်က ဗန္ဓုလသယ်ယူပို့ဆောင်ရေးသည် အဓိပတိ၊ ပါရမီကားများ ပြေးဆွဲခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့အောက်တွင် ယာဉ်လိုင်းပေါင်း ၉၀ ကျော်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags