သမိုင်းတင်ထိပ်သီးတွေ့ဆုံမှုအပြီး တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံ နျူကလီးယားကင်းစင်ရေး သဘောတူ

သမိုင်းတင်ထိပ်သီးတွေ့ဆုံမှုအပြီး တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံ နျူကလီးယားကင်းစင်ရေး သဘောတူ

ဂိုယန်း၊ ဧပြီ ၂၇ ။           ။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦးက ထိပ်သီးတွေ့ဆုံဆွေးနွေးပြီးနောက် ကွဲကာနေသော ကိုရီးယားကျွန်းဆွယ်တွင် အလုံးစုံ နျူကလီးယား ကင်းစင်ရေးနှင့် အမြဲတမ်းငြိမ်းချမ်းရေးတို့အတွက် ဖော်ဆောင်ကြရန် ဧပြီ ၂၇ ရက်တွင် သဘောတူညီခဲ့ကြသည်။

နှစ်နိုင်ငံကို ခွဲခြားထားသော စစ်မဲ့ဇုန်မျဉ်းတွင် ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ကြကာ ရွှင်ပျပြံုးချိုကာ စတင်တွေ့ဆုံပြီး ဆွေးနွေးပွဲကျင်းပကြရာတွင် နျူကလီးယားကင်းစင်သော ကိုရီးယားကျွန်းဆွယ် ဖြစ်ထွန်းရေး ဘုံသဘောတူညီမှုကို နှစ်ဦးအတူ ထုတ်ပြန်ခဲ့သည်။

လက်မှတ်ရေးထိုးကြရာတွင် ခေါင်းဆောင်နှစ်ဦးက နွေးထွေးစွာ ပွေ့ဖက်ကြပြီး အပြံုများ ဝေလျက် ချစ်ကြည်ရင်းနှီးမှု အသက်ပါသော ယင်းထိပ်သီးအစည်းအဝေးကို ကမ္ဘာ့မီဒီယာများတွင် အထူးသတင်းများအဖြစ် ဖော်ပြကြသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်နှင့် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းတို့သည် ငြိမ်းချမ်းရေး မချုပ်ဆိုနိုင်ဘဲ အပစ်ရပ်ဖြင့် အဆုံးသတ်ထားသော ကိုရီးယားစစ်ပွဲအပြီး ၆၅ နှစ်တာ စစ်တွင်းကာလအတွင်း ရှိနေဆဲဖြစ်ခြင်းကို နိဂုံးချုပ်သွားရေးအတွက် ယခုနှစ်အတွင်း ဖော်ဆောင်ကြရန်လည်း သဘောတူညီကြသည်။

သမ္မတ မွန်ဂျေအင်းက အပြန်အလှန်အားဖြင့် ဆောင်းရာသီတွင် ပြံုယမ်းသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ပုံမှန်စည်းဝေးပွဲများနှင့် တိုက်ရိုက်တယ်လီဖုန်း ပြောဆိုမှုများကိုလည်း လုပ်ဆောင်သွားကြရန် သဘောတူညီခဲ့သည်။

နျူကလီးယား လက်နက်နိုင်ငံ မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်မှုများနှင့် ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများ ပြုလုပ်ထားခြင်းကြောင့် ယခုကဲ့သို့ သဘောတူညီမှုများ ရရှိသော နှစ်ဦးတွေ့ဆုံသည့် ရွာကို အစွဲပြုသည့် ပန်မန်ဂျွမ် ကြေညာချက် ထွက်ပေါ်လာလိမ့်မည်ဟု တွေးထင်စရာ မရှိခဲ့ခြင်းကြောင့် ယနေ့သည် ထူးကဲသော နေ့တစ်နေ့လည်း ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags