ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ပူးတွဲကြေညာချက်ထုတ်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ပူးတွဲကြေညာချက်ထုတ်

လွိုင်ကော်၊ဧပြီ ၂၇ ။            ။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပူတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ဆွေးနွေးပွဲကို ကယားပြည်နယ်၊လွိုင်ကော်မြို့၊ပြည်နယ်ခန်းမတွင် ဧပြီလ ၂၆ ရက်မှ၂၇ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

ထုတ်ပြန်ထားသည့် ပူးတွဲကြေညာချက်ထဲတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် အမြန်ဆုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပါဝင်မရေးထိုးနိုင်မီ ရေတိုကာလအတွင်း အောက်ပါအတိုင်း ဆောင်ရွက်ရန် သဘောတူသည်။

(က)Local Montioring Team & JMC ကိစ္စ၊နှစ်ဖက်တပ်ဖွဲ့များ သွားလာမှု၊ဆက်သွယ်မှု ပြည်နယ်အဆင့်တွင် ညှိုနှိုင်းရေးကိစ္စ၊ပြည်နယ်အစိုးရနှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အကြား နှစ်ဘက်သဘောတူထားသည့်အတိုင်း ပုံမှန်တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန်။

(ခ)ပြည်နယ်နှင့်ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေးကိစ္စ။

ပြည်နယ်အဆင့်တွင်လည်းကောင်း၊ပြည်ထောင်စုအဆင့်တွင်လည်းကောင်း၊နှစ်ဘက်ညှိနှိုင်း သဘောတူထားသော ဆက်ဆံရေးလမ်းကြောင်းများမှတဆင့် ဆောင်ရွက်ရန်။

(ဂ)တပ်ပိုင်းဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် တိုးတက်မှုများရရှိခဲ့ပြီး နှစ်ဘက်ညှိနှိုင်းသဘောတူညီသည့်အတိုင်း ဆက်လက်ဆောင်ရွက်ရန်။

အထက်ဖော်ပြပါ အချက်များကို နှစ်ဘက်ညှိုနှိုင်းဆွေးနွေး သဘောတူညီမှု ရရှိခဲ့သဖြင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း တို့ပါရှိသည်။

ပူတွဲကြေငြာချက်ထုတ်ပြန်အပြီးတွင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက"မေလ တတိယပတ်မှာပြုလုပ်မယ့် တတိယအကြိမ် ပင်လုံညီလာခံ၊ငြိမ်းချမ်းရေးညီလာခံမှာ ဒီထဲက ညီနောင်တွေထဲကနေပြီး လက်မှတ်ထိုးနိုင်တဲ့အခြေအနေတစ်ခု ဖန်တီးပေးနို်င်မယ်ဆိုရင် တကယ့်သမိုင်းဝင်ပါပဲ။ဒီညီလာခံမစခင် တစ်ရက်လောက်မှာဖြစ်ဖြစ်၊ညီလာခံစတဲ့ ပထမနေ့မှာဖြစ်ဖြစ် နှစ်ဖက်ခေါင်းဆောင်းတွေ စကားပြောပြီး လက်မှတ်ထိုးနိုင်ခဲ့ရင် တကယ့်သမိုင်းဝင်ပါပဲ။

ဒီက တိုင်းရင်းသာညီနောင်ခေါင်းဆောင် တိုင်းရင်းသားကိုယ်စားလှယ်တွေက ဖြစ်နိုင်ရင်တော့လည်း အခုဆိုရင် ဧပြီလနောက်ဆုံးပတ် ၂၇ ပေါ့။တစ်လလောက်အချိန်အတွင်းမှာ ဝိုင်းပြီးတော့ပူးပေါင်းကြိုးစားပေးနိုင်မလား။အထူးသဖြင့် သမိုင်ဝင်လုပ်မယ့် တတိယအကြိမ် ပင်လုံညီလာခံ၊ငြိမ်းချမ်းရေးညီလာခံမှာကျွန်တော်တို့များ ညီနောင်တွေနဲ့လက်တွဲပြီးတော့ အဲဒီနေ့၊အဲဒီနေ့မတိုင်ခင် တစ်ရက်၊နှစ်ရက်လောက်များ ထိုးနိုင်ခဲ့မယ်ဆိုရင် အလွန်မင်္ဂလာရှိသော၊အောင်မြင်သောနေ့တစ်နေ့ပါပဲ။"ဟု တိုက်တွန်းပြောကြားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က"ကျွန်တော်တို့ NCA လမ်းကြောင်းပေါ်မှာပဲရှိတယ်။ကျွန်တော်တို့ NCAလက်မှတ်ထိုးဖို့အပိုင်းကြတော့ ထောက်ချင့်ရမယ့်အကြောင်းကြောင်းတွေကြောင့် အချိန်အတိုင်အတာတစ်ခုထိပေးဖို့လိုတယ်။"ဟုပြောသည်။

ယခုပြုလုပ်ခဲ့သည့်တွေ့ဆုံဆွေးနွေးပွဲသည် နှစ်ဦးနှစ်ဘက် ညီမျှစွာညှိုနှိုင်းဆောင်ရွက်နိုင်ခဲ့ကြောင့် ရလာဒ်ကောင်းများထွက်ပေါ်လာမည်ဟု တက်ရောက်လာကြသည့် နှစ်ဖက်ကိုယ်စားလှယ်များကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags