ဧပြီ ၂၆။ ။ လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံအနီး ၂၀ရပ်ကွက်တွင် သေဆုံးသွားသော အသက် ၆၁ အရွယ် အမျိုးသမီးမှာ အမှိုက်ပုံမီးလောင်ရာမှ ထွက်ပေါ်လာသော မီးခိုးငွေ့များကြောင့် သေဆုံးခြင်းမဟုတ်ဘဲ ကျောက်ကပ်နှစ်ဖက်လုံး ယောင်နေသည့်သည့်ရောဂါကြောင့် သေဆုံးခြင်းဖြစ်ကြောင်း လှိုင်သာယာ ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက အတည်ပြုပြောသည်။
သေဆုံးသူ ကျောက်ကပ်နှစ်ဖက်လုံးမကောင်းသည့်ရောဂါအခံရှိပြီး နေအိမ်တွင် အောက်ဆီဂျင်ရှူကာ ပုံမှန် ဆေးကုသမှုခံယူနေရသူဖြစ်ကြောင်း ဒေါက်တာဆန်းလွင်ဦး ကပြောသည်။
“မနေ့ကသိရှိရတာက ၂၀ ရပ်ကွက်ထဲမှာ သေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦးကို ဘာကြောင့် သေဆုံး တယ်ဆိုတာ ကျွန်တော်တို့ သက်ဆိုင်ရာပြည်သူ့ကျန်းမာရေးအဖွဲ့မှူးနဲ့ အဖွဲ့က လိုက်လံစိစစ်ကြည့် တော့ သေဆုံးသူဟာ နဂိုတည်းက နှလုံးရောဂါနဲ့ ကျောက်ကပ်နှစ်ဖက်လုံးမှာရှိတဲ့ ရောဂါအခံကို ကုသမှု ပုံမှန်ခံယူနေတဲ့ အသက် ၆၀ အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦးလို့ သိရတယ်။ ယခုဖြစ်စဉ် မဖြစ်ခင်အချိန်တည်းက အောက်ဆီဂျင်ကိုရှူပြီး ကုသမှုခံယူနေတဲ့ အမျိုးသမီးလို့သိရတယ်” ဟု ဒေါက်တာဆန်းလွင်ဦးက ပြောသည်။
လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်နေ အသက် ၆၁ နှစ်အရွယ်ရှိ ဒေါ်ခင်နှင်းနွယ်သည် ထိန်ပင်စွန့် ပစ်အမှိုက်ပုံမီးလောင်မှုမှ မီးခိုးငွေ့များရှူရှိုက်၍ ဧပြီလ ၂၅ ရက်တွင် သေဆုံးသွားကြောင်း ပြည်ထဲရေးမှ ထုတ်ပြန်ခဲ့ပြီး ၎င်းသည် လွန်ခဲ့သော ၃ နှစ်ခန့်က ပန်းနာ ရင်ကြပ်နှင့် နှလုံးရောဂါ ခံစားနေရသူ ဖြစ်ပြီး လှိုင်သာယာမြို့နယ်အတွင်း ပဒံကျေးရွာရှိ ဖြူစင်မေတ္တာပရဟိတအသင်းမှ အောက်ဆီဂျင်ဘူးများအား ငှားယူ၍ အသက်ရှူနေရသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့ရာတွင် သေဆုံးသူ အမျိုးသမီးမှာ မကြာသေးမီက ဆေးရုံတက်ရောက်ခဲ့ပြီး နဂိုရောဂါ အခံ မကောင်းသူ ဖြစ်ကြောင်း ကျန်းမာရေးဘက်မှ ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၁၃ တွင် အင်းစိန်ပြည်သူ့ဆေးရုံသို့တက်ရောက် ဆေးဝါးကုသမှုခံယူခဲ့ကာ ဧပြီ ၂၂ တွင် ဆေးရုံမှ ပြန်လည်ဆင်းလာပြီး နဂိုရောဂါအခံအနေဖြင့် ကျောက်ကပ်နှစ်ခုလုံးယောင်နေခြင်း၊ နှလုံးကြီးနေခြင်း စသည့် ရောဂါများကိုခံစားနေရသူဖြစ်ကြောင်း မြို့နယ်ပြည့်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာ ခင်ရူပါစိုး က ပြောသည်။
လက်ရှိတွင် ဧပြီ ၂၃ မှ ၂၆ရက်အထိ လှိုင်သာယာပြည်သူ့ဆေးရုံသို့လာရောက်ကုသသူ အတွင်းလူနာ ၁၉ဦးနှင့် ပြင်ပလူနာ ၁၉ဦးရှိပြီး ယနေ့မနက်ပိုင်းတွင် မီးငြိမ်းသတ်ရာမှ မီးသတ်ရဲဘော်တစ်ဦး မီးနင်း မိ၍ ဘယ်ဘက်ခြေထောက် ဒဏ်ရာရကာ ဆေးရုံကုသဆောင်တွင် ကုသမှုခံယူနေပြီး စိုးရိမ်ရသည့် အခြေအနေမရှိကြောင်းသိရသည်။