နယ်စပ်ကော်မတီ အစည်းအဝေးများမှ သည်နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှုနှင့် ရင်းနှီးမှုကို တည််ဆောက်နေ

နယ်စပ်ကော်မတီ အစည်းအဝေးများမှ သည်နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှုနှင့် ရင်းနှီးမှုကို တည််ဆောက်နေ
Photo - Myawady

သြဂုတ် ၂၉ ရက် ။       ။ ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှုနှင့် ရင်းနှီးမှုပိုမိုခိုင်မာစေရန် နယ်ခြားကော်မတီအစည်းအဝေးများမှ တဆင့် တည်ဆောက်နေသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ သြဂုတ် ၂၈ နေ့က ကျင်းပသည့် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများကော်မတီ အစည်းအဝေးတွင် ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးအစည်းအဝေးများ၊ ဒေသအဆင့်နယ်ခြားကော်မတီအစည်းအဝေးများနှင့် မြို့နယ်အဆင့်နယ်ခြားကော်မတီအစည်းအဝေးများ ပုံမှန်ကျင်းပခြင်းဖြင့် အပြန် အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန် တည်ဆောက်နေသည်ဟုဆိုသည်။

လက်ရှိကာလသည် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးအကောင်းဆုံးအချိန် ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးကပြောသည်။

3rd Thailand-Myanmar High Level Committee Meeting-HLC ကို ဘန်ကောက်မြို့တွင် ကျင်းပခြင်းဖြစ်ပြီး မြန်မာ့ အဆင့်မြင့်ကော်မတီ ပူးတွဲဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံစစ်သံမှူး တို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ထိုင်းအဆင့်မြင့်ကော်မတီ ပူးတွဲဥက္ကဋ္ဌ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Worapong Sanganetra၊ ထိုင်းဘုရင့်တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ်များနှင့် ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

အစည်းအဝေးအပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က ပိတ်ပွဲ အခမ်းအနား မိန့်ခွန်းပြောကြားကြပြီး အစည်းအဝေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ကြသည်ဟု သိရသော်လည်း ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍မူ မသိရှိရပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် HLC အစည်းအဝေးမကျင်းပမီ ၂၀၁၄ အောက်တိုဘာ ၁ ရက်နေ့၌ စတင် တာဝန် ထမ်းဆောင်သည့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် သီးသန့်တွေ့ ဆုံဆွေးနွေးခဲ့သော်လည်း အသေးစိတ် ကို ထုတ်ပြန်ခြင်းမရှိပါ။

သြဂုတ် ၂၈ အစည်းအဝေးမတိုင်မီ HLC ပူးတွဲ အတွင်းရေးမှူးအဖွဲ့အစည်းအဝေးအား ဩဂုတ် ၂၄-၂၆ ရက်များတွင် ကျင်းပခဲ့ပြီး ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်နေသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ နှစ်ဖက်စစ်ဘက်အားကစားပြိုင်ပွဲများကျင်းပရေး၊ အကြမ်းဖက် နှိမ်နင်းမှုနှင့် နယ်စပ်ဒေသလုံခြုံရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေး တို့ကိုဆွေးနွေး ခဲ့ကြသည်။

HLC ဒုတိယအကြိမ်အစည်းအဝေးကို ပုဂံ၌ ၂၀၁၄ ခု သြဂုတ်လ ၂၁ ရက်တွင် ကျင်းပခဲ့ပြီး ၂၀၁၄ ခု စက်တင်ဘာ ၃၀ တွင် တာဝန်ပြီးဆုံးသွားပြီဖြစ်သည့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း General Tanasak Patimapragorn တက်ရောက်သည်။

ယင်းအစည်းအဝေး၌ နှစ်ဖက်ရေတပ်မတော်အချင်းချင်းတွေ့ဆုံဆွေးနွေးရေး၊ စစ်ထောက်လှမ်းရေးသတင်း အပြန်အလှန် ဖလှယ်ရန်၊ အကြမ်းဖက်နှိမ်နင်းရေးပူးတွဲဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးပူးတွဲ တိုက်ဖျက်ရေး၊ ဘေးအန္တရာယ်နှင့် လူသားချင်းစာနာသည့် အကူအညီများကိစ္စ၊ ဒေသဆိုင်ရာနယ်စပ်ကော်မတီဖွဲ့စည်းရေးတို့ ဆွေးနွေးကြသည်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly