ရန်ကုန် ၊ ဧပြီ ၂၄ ။ ။ ၄ ရက်ကြာ လောင်ကျွမ်းနေသည့် လှိုင်သာယာထိန်ပင်အမှိုက်ပုံမှ ထွက်ရှိလာသည့် မီးခိုးများသည် ဧပြီ လ ၂၄ ရက်နေ့ ညနေပိုင်းတွင် လှိုင်သာယာမြို့နယ်၌ ပို၍ပျံ့နှံ့နေပြီး ညှော်နံ့များ ဆိုးဝါးစွာ ခံစားနေရကာ ကျန်းမာရေးထိခိုက်သူများရှိနေသည်ဟု လှိုင်သာယာမြို့နယ် နေထိုင်သူများ ထံမှ သိရသည်။
လှိုင်သာယာထိန်ပင်အမှိုက်ပုံနှင့် အနီးဆုံးရပ်ကွက်များဖြစ်သည့် အမှတ် ၂၀၊ ၁၈၊ ၅၊ ၆ ၊ ရ ရပ်ကွက်များတွင် မီးခိုးနှင့်ညှော်နံ့များ ပိုမို ခံစားနေရသည်ဟု လှိုင်သာယာမြို့နယ်တွင်နေထိုင်သူ မဆူးရွက်ဝါက မဇ္ဈိမသို့ ပြောသည်။
" အနံ့တွေက တော်တော်ဆိုးတယ်၊ မီးခိုးတွေလည်း တွေ့ရတယ်၊ လေသင့်တဲ့အခါ ပိုဆိုးတယ်၊ ကြာကြာ ရှူ မိရင် အဲဒါ ခေါင်းကိုက်တယ်၊ ကျန်းမာရေးထိခိုက်တဲ့သူတွေလည်း ရှိတယ်၊ အဲဒါတွေကြောင့် " ဟု လှိုင်သာယာ မြို့နယ်တွင်နေထိုင်သူ မဆူးရွက်ဝါက ပြောသည်။
ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက လူနာတင်ယာဉ်အချို့ ဖြင့် ဆေးရုံတင်ပို့ရသည့် လူနာများလည်း မြင်တွေ့ခဲ့ရသည် ဟု ၄င်းက ဆက်လက်ပြောသည်။
"မနေ့က လူနာတင်ကားနဲ့ ဆေးရုံပို့ရတာတွေရှိတယ်၊ ရပ်ကွက်ထဲက လူတွေ၊ ဒီနေ့တော့ အဲဒါမျိုးမမြင်မိဘူး၊ ညှော်နံ့တွေကတော့ ပိုဆိုးလာတယ်၊ ဒီနေ့ညက" ဟု မဆူးရွက်ဝါက ပြောသည်။
မီးခိုးညှော်နံ့များသည် ဧပြီ လ ၂၄ ရက်နေ့ ညနေပိုင်းခန့်မှ ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်သော စမ်းချောင်း၊ အလုံ၊ လမ်းမတော်၊ လသာ၊ပုဇွန်တောင် ၊ရန်ကင်း၊ တာမွေ၊ ဗဟန်း ၊ သာကေတ ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့် စသည့် မြို့နယ်များအထိ ပျံ့နှံ့လျှက်ရှိသည်။
မီးလောင်မှုကြောင့် မီးခိုးများ ပျံ့နှံ့ခဲ့ပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မီးခိုး၊ ကာဘွန်မိုနောက်ဆိုဒ်နှင့်ပတ်သက်သည့် သတ်ိပေးချက်ကို ဧပြီလ ၂၄ရက် ည ၉နာရီ ၄၅မိနစ်အချိန်ခန့်၌ ထုတ်ပြန်ခဲ့သည်။
၄င်းမီးခိုးငွေ့များကြောင့် နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ အဆုတ်ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် ကျန်းမာရေးထိခိုက်မှု ပိုမိုခံစားရနိုင်သည်ဟု သတိပေးထားသည်။
မီးခိုးငွေ့ကြောင့် ချောင်းဆိုးခြင်း၊ ယားယံခြင်း၊ မျက်စိစပ်ခြင်း၊ မျက်ရည်ယိုခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း တို့ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။