ပါဂျောင်လူသတ်မှုအတွက် ရဲဘော်သံချောင်း ဖြေရှင်းရန် မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများအဖွဲ့တောင်းဆို

ပါဂျောင်လူသတ်မှုအတွက် ရဲဘော်သံချောင်း ဖြေရှင်းရန် မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများအဖွဲ့တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၄ ။                        ။ ၁၉၉၂ ခုနှစ်၌ ကချင်ပြည်နယ်၊ ပါဂျောင်ဒေသတွင် မြောက်ပိုင်းကျောင်းသားတပ်မတော် တပ်တွင်း သတ်ဖြတ်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးဖြစ်သော ရဲဘော်သံချောင်းအား ချိန်းဆိုဖြေရှင်းပေး ရန် မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများအဖွဲ့က တောင်းဆိုလိုက်သည်။

ထိုစဉ်က ပါဂျောင်ဒေသတွင် မြောက်ပိုင်းကျောင်းသားတပ်မတော်အတွင်း အစိုးရဘက်မှ ထောက်လှမ်းရေးဟု စွပ်စွဲကာ တပ်တွင်းသတ်ဖြတ်မှုများ အလွန်အကျွံနှိပ်စက်သတ်ဖြတ်မှုများ   ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှစ်ဆန်း၁ ရက်နေ့က နှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာသော ရဲဘော်သံချောင်း နှင့်ပတ်သက်ပြီး  မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများအဖွဲ့က ဧပြီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

"မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများအဖွဲ့အနေနဲ့က ကျွန်တော်တို့တောက်လျှောက် ပြောခဲ့တာ ညှိခဲ့တာ ။ ဘာညှိခဲ့လည်းဆိုတော့ သူတို့ကိုပြန်ပြီးကလဲ့စားချေဖို့ပြောနေတာမဟုတ်ဘူး ။ ကျွန်တော်တို့လိုချင်တာ ဖြစ်စဉ်အမှန်ကိုလိုချင်တာ မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်း တစ်ယာက်အနေနဲ့ကတော့ တရားစွဲဖို့ မရှိဘူး။ သို့သေ်ာ မိသားစုဝင်တွေအနေနဲ့ ဖြစ်စဉ်မှာပါခဲ့တဲ့ နစ်နာခဲ့တဲ့သူတွေအနေနဲ့ သီးခြားသီးခြားပြန်ပြီးတရားစွဲမယ်ဆိုရင်တော့ သက်သေ မလိုက်လို့ မရဘူး"ဟု မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများအဖွဲ့မှ ကိုဘိုဘိုက ပြောသည်။

တောင်းဆိုရခြင်းမှာ ပါဂျောင်ဒေသတွင်ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များအတွက် အဖြေမှန်ကို သိလိုခြင်း ဖြစ်ပြီး နောက်မျိုးဆက်များအတွက် သင်ခန်းစာအဖြစ် ချန်ထားပေးရန် ရည်ရွယ်ထားကြောင်း ၄င်းက ဆိုသည်။

မြောက်ပိုင်းကျောင်းသားတပ်မတော်တွင် ဗဟိုကော်မတီဝင်နှင့် တရားရေးဌာနတာဝန်ခံအဖြစ် တာဝန်ယူခဲ့ကာ ပါဂျောင်အချုပ်ထောင်တွင် ညှင်းပန်းနှိပ်စက်မှုကြောင့်သေဆုံးခဲ့ရသည့် ဦးမောင်စိန်၏ သမီးဖြစ်သူက ကိုသံချောင်းကျုးလွန်ခဲ့သည့်လူ့အခွင့်အရေးချိုးဖောက်မှုကို အရပ်ဖက်အဖွဲ့အစည်း များက ကန့်ကွက်မှုမရှိသည်ကို အံသြမိကြောင်း ပြောခဲ့သည်။

"ရှင်တို့ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေက သာမန်ရာဇဝတ်မှုတစ်ခုလုံံးဝမဟုတ်ပါဘူး။ လူပေါင်းများစွာကို ဖမ်းဆီးတယ်။ နည်းမျိုးစုံနဲ့နှိပ်စက်တယ်။ မတရားမဟုတ်မမှန်စွပ်စွဲတယ်။ လူကြားမကောင်းတဲ့ နည်းလမ်းတွေသုံးပြီးတော့ ကျောင်းသားတပ်မတော်ဆိုတဲ့နာမည်နဲ့ ရိုင်းစိုင်းခဲ့ကြတာပါ"ဟု ဦးမောင်စိန်၏သမီး မစိမ်းစိမ်းက ပြောသည်။

ရဲဘော်သံချောင်းအနေဖြင့် ထိုကိစ္စကိုဖြေရှင်းရန် မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ ဘက်နှင့် ညှိနိူင်းကာ နေရာနှင့်အချိန် ချိန်းဆိုနိုင်သည်ဟု မြန်မာပြည်မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းများအဖွဲ့မှ ကိုဘိုဘိုက ပြောသည်။

"သူက ကျွန်တော်တို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒါဟာ ဒီကောင်တွေ ဒီလိုလုပ်ပါလို့ လုပ်တဲ့ဟာမျိုးတော့ အဲ့လိုမျိုး ကျွန်တော်ကမယုံကြည်ဘူး။ မယုံကြည်ဘူးဆိုတာ အိမ်မှာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင် လိုလေ။ တောထဲရောက်သွားရင် တောစိတ်ပေါက်သွားတာနဲ့ ရိုင်းသွားတာ။ စသွားတုန်းကတော့ သူလည်း ကျောင်းသား၊ ကိုယ်လည်းကျောင်းသားအနေနဲ့သွားတာပဲ။ ဒီဖြစ်စဉ်ရဲ့ နောက်မှာ အများကြီး ရှိတယ်။ သဘောက အဲဒီအတွက်ကျွန်တော်တို့က သိချင်တယ်။ သူနဲ့တွေ့ချင်တာ သဘောကလေ" ဟု ကိုဘိုဘိုက ပြောသည်။

ရဲဘော်သံချောင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ကာ လွှတ်ပေးရန်တောင်းဆိုခဲ့သည်ကို နိုင်ငံရေးအကျဉ်းသားများကာကွယ်စောင့်ရှောင့်ရေးအဖွဲ့့(AAPP) မှ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်အား မဇ္စျိမကဆက်သွယ်မေးမြန်းရာ မအားလပ်သဖြင့် ၄င်းတို့၏ထုတ်ပြန်ချက်ကို ကြည့်နိုင်ကြောင်း ပြောသည်။

ဧပြီလ ၁၇ ရက်နေ့၌ လွှတ်ပေးခဲ့သော အကျဉ်းသား ၈၅၄၁ ယောက်တွင် နိုင်ငံရေးအကျဉ်းသား ၃၆ ယောက် ပါ၀င်သည့်အတွက် ၀မ်းမြောက်မိကြောင်း ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏   ပြစ်မှု ကြွေးကျန်များကို ပယ်ဖျက်ပေးခဲ့တဲ့အပေါ်လည်း အစိုးရအား ကျေးဇူးတင်ကြောင်း (AAPP)မှ ထုတ်ပြန်ခဲ့သည်။

ရဲဘော်သံချောင်းအား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်မည်ဆိုပါက မိမိကိုယ်ကိုယ် နိုင်ငံရေး အကျဉ်းသားအဖြစ် မသတ်မှတ်ချင်တော့ကြောင်း မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ အဖွဲ့တွင် ပါ၀င်သည့် ကိုရဲလင်းက ပြောသည်။

ရဲဘော်သံချောင်းသည် ၁၉၈၈ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဒုတိယဥက္ကဋ္ဌ နှင့် စစ်ရေးတာဝန်ခံအဖြစ် မြောက်ပိုင်းကျောင်းသားတပ်မတော်တွင် တာဝန်ယူခဲ့သည်။ ၄င်းတာဝန်ယူစဉ် ၁၉၉၂ ခုနှစ်၌ ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် မြောက်ပိုင်းကျောင်းသား တပ်မတော်အတွင်း တပ်တွင်းသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။

၂၀၀၆ ခုနှစ်၌ ၎င်းကို ရှမ်းပြည်နယ် နန့်ခမ်းမြို့တွင် RCSS တပ်ဖွဲ့ဝင်အဖြစ် ဖမ်းဆီးရမိခဲ့ကာ ကြိုးမိန့်လေးခုဖြင့် အကျဉ်းချထားခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်မှ   နိုင်ငံရေးအကျဉ်းသားအဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly