လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ (၃)

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ (၃)

စကားပြေရေးကြတဲ့အခါ အရေးအသားအမှား နည်းသည်ထက် နည်းအောင် အကြံပြုဆွေးနွေးခဲ့ကြတာ တော်တော်လေး ခရီးရောက်လာခဲ့ပါပြိီ။ အမှန်တကယ်အားဖြင့် ဆိုရင်တော့ ကျနော်က အမှားအမှန် ၀ိုင်းဝန်းဆွေးနွေးတဲ့ပုံစံမျိုး ဒါမှမဟုတ် ကိုယ်တိုင်ချရေးစမ်းသပ်ဆွေးနွေးတဲ့ ပုံမျိုးနဲ့ ဒီကဏ္ဍကိုသွားချင်တာပါ။ ဒါပေမယ့် အခြေအနေမပေးတော့ ဒိီလိုပဲ လက်ရှိပုံစံနဲ့ပဲ ဆက်သွားကြရမှာပါပဲ။

ကဲ ဒီကနေ့ ဆွေးနွေးမယ့်အချက်ကတော့ မနေ့က ဆွေးနွေးခဲ့တဲ့အချက်ရဲ့ အဆက်ပါပဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့စာရေးကြမလဲဆိုတဲ့အချက်ပါပဲ.

မနေ့တနေ့တုန်းက ကျနော်တို့ပြောခဲ့ကြတယ်။ စာရေးတဲ့အခါ ရည်ရွယ်ချက်ရှိရမယ်။ ဘယ်လိုရည်ရွယ်ချက်လဲ။ ဗဟုသုတပေးလိုတဲ့ရည်ရွယ်ချက်၊ ပြီးတော့ ကျိုးကြောင်းပြဆိုလိုတဲ့ ရည်ရွယ်ချက်နဲ့ စာရေးကြတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ ရည်ရွယ်ချက် နှစ်ခုကို ဥပမာတွေနဲ့လည်း ရှင်းပြခဲ့ပါတယ်။

ဒီကနေ့တော့ ဘယ်လိုရည်ရွယ်ချက်နဲ့စာရေးမလဲဆိုတဲ့ မေးခွန်းရဲ့ အပြည့်စုံသေးတဲ့ အဖြေကို ဆက်သွားကြမှာပါ။

စာရေးရင် နှိုးဆွလှုံ့ဆော်လိုတဲ့ရည်ရွယ်ချက်နဲ့ ရေးကြတာလည်း ရှိပါတယ်။ စာဖတ်တဲ့သူရဲ့စိတ်ကို တက်ကြွလာအောင် အတုယူချင်လာအောင် စာဖတ်သူရဲ့စိတ်ကို တွန်းထိုးနှိုးဆွလိုတဲ့ရည်ရွယ်ချက်နဲ့ ရေးတဲ့စာပါပဲ။

ဥပမာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုရေးပြခြင်း၊ အများအတွက် အသက်ပေးသွားတဲ့လူတစ်ယောက်အကြောင်းကိုရေးခြင်း အစရှိတဲ့ အရေးအသားတွေဟာ စာဖတ်သူကို ဗဟုသုတပေးရုံသက်သက် ရေးတာမဟုတ်တော့ဘဲ ဗိုလ်ချုပ််အောင်ဆန်းကို ကြည်ညိုလာရလေအောင် အများအကျိုးဆောင်ရွက်သူကို လေးစားလာရလေအောင် အမြင့်ဆုံးမြှင့်ပြီးပြောရင် အဲသလိုလူတွေကို အားကျလာရအောင် အတုယူချင်လာရလေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတဲ့စာတွေပါပဲ။ အဲဒါကို နှိုးဆွလှုံ့ဆော်လိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတဲ့စာလို့ ပြောနိုင်ပါတယ်။

ဒါ့အပြင် ဖျော်ဖြေလိုတဲ့ရည်ရွယ်ချက်နဲ့ရေးတဲ့စာလည်း ရှိပါတယ်။ ဥပမာ ကျိုက်ထီးရိုးကို ဘုရားဖူးသွားတယ်ဆိုပါစို့။ အဲဒီအခါ ကျိုက်ထီးရိုးဘုရားကို စာဖတ်သူက ကိုယ်တိုင်ရောက်သွားသလို ခံစားလာရလေအောင်၊ ကျိုက်ထီးရိုးကို ချက်ချင်းထသွားချင်စိတ်ဖြစ်လာအောင် ကျိုးထီးရိုးဘုရားလမ်းခရီးနဲ့ မြင်ကွင်းတွေကို မြင်အောင်ရေးပြတဲ့စာဟာ ဖျော်ဖြေလိုတဲ့ရည်ရွယ်ချက်နဲ့ရေးတဲ့စာပါပဲ။

ဒီနေရာမှာ အထက်ကပြောခဲ့ဆွေးနွေးခဲ့တဲ့အချက်တွေကို နည်းနည်းပြန်ချုပ် ကြည့်မယ်ဆိုရင်  ပထမ၊ ဒုတိယ၊ တတိယ ရည်ရွယ်ချက်များဖြစ်တဲ့ ဗဟုသုတပေးလိုတဲ့ရည်ရွယ်ချက်၊ ကျိုးကြောင်းပြဆိုလိုတဲ့ရည်ရွယ်နဲ့ လှုံ့ဆော်နှိုးဆွလိုတဲ့ရည်ရွယ်ချက်နဲ့ရေးတဲ့စာတွေဟာ အသိပေးရုံသက်သက် ရည်ရွယ်ပြီးရေးတဲ့စာတွေချည်းပါပဲ။ အသိပေးရုံသက်သက် ရည်ရွယ်ချက်အပေါ်မူတည်ပြီးမှ ရေးတဲ့စာတွေချည်းပါပဲ။

ကဲ နောက်ထပ်လာမယ့် ရည်ရွယ်ချက်ကတော့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ယူဆချက်အရပြောရလျင် ၀ိသေသ ရည်ရွယ်ချက်နဲ့ရေးတဲ့စာဖြစ်ပါတယ်။

ဥပမာ စာရေးဆရာနိုင်ဝင်းဆွေရဲ့ နွေတည ၀တ္ထုဆိုပါစို့။ နိုင်ဝင်းဆွေရဲ့ နွေတည ၀တ္ထုထဲမှာ အစ အလယ် အဆုံး အချစ်စိတ် မေတ္တာဘွဲ့ကို ပေါ်လွင်စေဖို့ အပိုဒ်တိုင်း အခန်းတိုင်း ပေါ်လွင်အောင်ရေးသွားတာ တွေ့ရပါတယ်။ ဒိီဝတ္ထုရဲ့ အဓိကဇာတ်ကောင်များဖြစ်ကြတဲ့ ခင်ဝေ ဆိုတဲ့မိန်းကလေးနဲ့ ကိုကိုမောင် ဆိုတဲ့ တောအုပ်ကလေးတို့ တစ်ဦးအပေါ် အပြန်အလှန် ချစ်ခင်ကြပုံ၊ အပြန်အလှန် သံသယဖြစ်ကြပုံ၊ အပြန်အလှန် မသင့်မမြတ်ဖြစ်ကြပုံ၊ နောက်ဆုံး သူတို့နှစ်ယောက် လမ်းခွဲကြပုံတွေကို အပိုဒ်တိုင်းအပိုဒ်တိုင်း ထူးထူးခြားဖြစ်အောင် ရည်ရွယ်ချက်ထားပြီး ရေးတာ တွေ့ရပါတယ်။ စာရေးသူက ဒီဝတ္ထုရဲ့ မေတ္တာဘွဲ့ကို အဲသလို ထူးခြားလှပတဲ့ ၀ိသေသတွေနဲ့ ချိတ်ဆက်ရေးသားတဲ့နည်းနဲ့ သူ့ဝတ္ထုကို ပုံဖေါ်သွားတာ တွေ့ကြရမှာပါ။ ဒီနေရာမှာ ဒီဝတ္ထုမှာ သာမာန် ချစ်ကြိုက်ညားလမ်းခွဲဆိုတဲ့ ပုံသေဇာတ်လမ်းကိုပဲ ထူးခြားလေးနက်တဲ့ ၀ိသေသ အဖြစ်အပျက်တွေနဲ့ ရေးထားတာ တွေ့ရမှာပါ။ ဒါဟာ စာရေးသူက ၀ိသေသရည်ရွယ်မထားဘဲ ရေးလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကတော့ ၀ိသေသရည်ရွယ်ချက်နဲ့ရေးတဲ့ စကားပြေအကြောင်းပါပဲ။

ဒီနေရာမှာ ရည်ရွယ်ချက် အုပ်စု နှစ်အုပ်စုခွဲပြီးလေ့လာရတာတွေ့ရမှာပါ။

ပထမ ရည်ရွယ်ချက်အုပ်စုကို ယေဘုယျရည်ရွယ်ချက်အုပ်စုလို့ မှတ်သား စေချင်ပါတယ်။  အဲဒီအုပ်စုထဲမှာ  ၁။ ဗဟုသုတပေးလိုသော ရည်ရွယ်ချက်။ ၂။ ကျိုးကြောင်းပြဆိုလိုတဲ့ရည်ရွယ်ချက် ၃။ နှိုးဆွလှုံ့ဆော်လိုသောရည်ရွယ်ချက် ၄။ ဖျော်ဖြေလိုတဲ့ရည်ရွယ်ချက် တွေပါ၀င်ပါတယ်။

နောက်ထပ်အုပ်စု ၂ ကိုတော့ ၀ိသေသရည်ရွယ်ချက်အုပ်စုလို့ သတ်မှတ်နိုင်ပါတယ်။

ဒီအုပ်စုနှစ်အုပ်စုရဲ့ရည်ရွယ်ချက်က တစ်ခုနဲ့တစ်ခု မတူပါဘူး။ မတူတဲ့ အချက်တွေကိုလည်း အထက်ပိုင်းမှာ ဆွေးနွေးခဲ့ပါတယ်။

စကားပြေရေးသူဟာ ဒီအချက်တွေကို ကြိုတင်မသိဘဲရေးရင်ကော မဖြစ်ဘူးလားလို့ စောဒကတက်လို့ရတာ ရှိပါတယ်။ စာရေးသူဟာ စာမရေးခင်မှာ ဒီလိုရည်ရွယ်ချက် အဆင့်ဆင့်ကို စံနစ်တကျ အခုလိုစဉ်းစားပြီးမှ ရေးတာဟုတ်ရဲ့လားလို့ မေးခွန်းထုတ်နိုင်ပါတယ်။ မှန်ပါတယ်။ အများစုဟာ အဲသလို စနစ်တကျ ကြိုတင်စဉ်းစားပြီးမှရေးတာ မဟုတ်ကြပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ စာရေးသူအများစုကတော့ ဒီအချက်တွေကို စာမရေးခင်ကတည်းက အတတ်နိုင်ဆုံး ကြိုတင်စဉ်းစား၊ ကြိုတင်ပြင်ဆင်ပြီးမှ ရေးတဲ့သူတွေ ဖြစ်တယ်ဆိုတာကတော့ မငြင်းနိုင်ပါဘူး။ စာကောင်းပမွန်ရေးတတ်သူတိုင်းဟာ မရေးခင်ကတည်းက သူ့စာရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိကြတာများပါတယ်။ စာသင်သလို တဆင့်ချင်းတချက်ချင်း ကျောင်းဆရာတစ်ယောက်လို မသိရင်သာနေမယ် ယေဘုယျအားဖြင့်တော့ သိထားကြပြီးဖြစ်ပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ရေးမှာလဲ။ အဲဒီရည်ရွယ်ပေါ်လွင်အောင် ဘယ်လိုရေးမလဲ။ ဒါကို စာကောင်းပေမွန်ရေးတဲ့သူမှန်ရင် ကြိုတင်စဉ်းစားထားလေ့ရှိတာ အမှန်ပါပဲ။

ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။

နောက်နေ့တွေမှာ ဆက်လက်ဆွေးနွေးကြပါဥိီးမယ်။

လူငယ်များ စကားပြေအရေးအသား မှန်ကန်လှပနိုင်ကြပါစေ။

အပိုင်း(၁)အား ဖတ်ရန်-http://www.mizzimaburmese.com/article/38969

အပိုင်း(၂)အား ဖတ်ရန်-http://www.mizzimaburmese.com/article/38996

Mizzima Weekly