ဧပြီ ၂၃ ။ ။ မြောက်ကိုရီးယားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ယာဉ်မတော်တဆမှုတစ်ခုအတွင်း မိမိတို့ တရုတ်ခရီးသွားပြည်သူ အများအပြား သေဆုံးခဲ့ရကြောင်း ပေကျင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
အဆိုပါ ကိစ္စနဲ့ပတ်သက်လို့ တရုတ်ဝန်ကြီးဌာနက အသေးစိတ်အချက်အလက် အနည်းအကျဉ်းမျှသာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး တိတိကျကျ ထုတ်ပြန်ထားခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် မြောက်ကိုရီးယားမှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီး တံတားတစ်စင်းပေါ်ကနေ အောက်ကို ထိုးကျတိမ်းမှောက်ခဲ့လို့ တရုတ်ခရီးသွား အယောက် ၃၀ ကျော် သေဆုံးခဲ့ရကြောင်း CGTN ရုပ်သံက အစောပိုင်းက တွစ်တာကနေတဆင့် ရေးသားဖော်ပြခဲ့သည်။ ယင်းနောက် အဆိုပါ ဖော်ပြမှုကို ပြန်ဖျက်သွားခဲ့ပါတယ်။
ဧပြီ ၂၂ ရက်ညပိုင်းက ဖြစ်ခဲ့တဲ့ ယင်း ယာဉ်မတော်တဆမှုကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရဘက်ကို အကြောင်းကြားလာခဲ့ကြောင်း၊ ပြုံယမ်းက သံရုံးအရာရှိတွေလည်း အခင်းဖြစ်ရာနေရာကို သွားရောက်ကြည့်ရှုခဲ့ပြီး အခြေအနေကို ထိန်းသိမ်းစီမံပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်မှာ မြောက်ကိုရီးယားကို လာရောက်လည်ပတ်နေတဲ့ ခရီးသွားအများစုဟာဆိုရင် တရုတ်နိုင်ငံသားတွေ ဖြစ်ပြီး စစ်အေးခေတ် မဟာမိတ်နှစ်နိုင်ငံအကြား နယ်နမိတ်ချင်း ရှည်လျားစွာ ထိစပ်နေသလို နှစ်နိုင်ငံအကြား လေကြောင်းလိုင်းတွေလည်း ပြေးဆွဲပေးနေလျက်ရှိပါတယ်။