ရန်ကုန်အများပိုင်ဘတ်စ်ကားစနစ် YBS တွင် ငွေပေးချေရာတွင်အသုံးပြုရန် ကတ်စနစ်တင်ဒါအောင်မြင်ထားသည့် Excel KC Myanmar Co.,Ltd ကို ရွေးချယ်ထားမှုအား တိုင်းအစိုးရက ဖျက်သိမ်းလိုက်သည်။
ဧပြီလ ၂၀ ရက် ရက်စွဲဖြင့် ဖျက်သိမ်းကြောင်းကို ရန်ကုန််တိုင်းဒေသကြီး တင်ဒါစိစစ်ကြီးကြပ်ရေအဖွဲ့မှ ဧပြီလ ၂၁ရက်နေ့ နံနက် ၁ နာရီတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဖျက်သိမ်းရခြင်းအကြောင်းကို တင်ဒါသွင်းစဉ်က သဘောတူထားသည့်အခြေအနေများ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် ဟု ဖော်ပြထားပြီး ကတ်စနစ်(YPS) လုပ်ကိုင်ရန် ပဏာမရွေးချယ်မှုမှ Excel KC Myanmar Co.,Ltd ကို ဖျက်သိမ်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကတ်ဖြင့်ယာဉ်စီးခပေးချေမှုစနစ်(YPS)လုပ်ကိုင်မည့် ကုမ္ပဏီများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၇ ခုနှစ်၌ တင်ဒါခေါ်ယူခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ကုမ္ပဏီ ၅၀ အား တင်ဒါပထမအဆင့်၊ ဒီဇင်ဘာလတွင် ကုမ္ပဏီ ရ ခုအား တင်ဒါဒုတိယအဆင့်နှင့် ဆန်ခါတင်စာရင်းတွင် ကုမ္ပဏီ ၃ ခုတို့အား ရွေးချယ်ခဲ့သည်။
၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့၌ Excel KC Myanmar ကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တင်ဒါအောင်မြင်ကြောင်း ကြေညာခဲ့သည်။
တင်ဒါစည်းကမ်းအရ ပဏာမရွေးချယ်ခံကုမ္ပဏီသည် စည်းကမ်းချိုးဖောက်ခြင်း၊ ပျက်ပြယ်ခြင်းရှိပါက တင်ဒါ ဆန်ခါတင်စာရင်းတွင်ရှိနေသည့်ကုမ္ပဏီနှစ်ခုမှ ထပ်မံရွေးချယ်သွားမည်ဟု ပါရှိသည်။
ထို့ကြောင့် ကျန်ဆန်ခါတင်ကုမ္ပဏီ နှစ်ခု ဖြစ်သော Anypay Payment Service ကုမ္ပဏီနှင့် Asiastarmar Transport Intelligent ကုမ္ပဏီတို့အနက်မှ တစ်ခုကို ကတ်စနစ်(Yangon Payment Services -YPS)လုပ်ကိုင်ရန် ထပ်မံရွေးချယ်သွားရန်ရှိနေသည်။