သတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင်ဖမ်းရန် ရဲမှူးချုပ်က ဦးစီးကွပ်ကဲခြင်းဟု ထွက်ဆို

.

ဓာတ်ပုံ-AFP
 

ရန်ကုန်၊ ဧပြီလ ၂ဝ ။          ။ ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာက လူသတ်မှုကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို ထောက် ချောက်ဆင်ဖမ်းဆီးဖို့အတွက် ရဲမှူးချုပ်တင်ကိုကိုက ဦးစီးကွပ်ကဲခဲ့တာဖြစ်ကြောင်း ဒုရဲမှူး မိုးရန်နိုင်က တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည်။

ယနေ့ ဧပြီလ ၂ဝ ရက်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး အမှတ် ၈ လုံခြုံရေရဲတပ်ရင်းမှ ဒုရဲမှူး မိုးရန်နိုင်က လာရောက်ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

“ ဝလုံးတို့ကိုဖမ်းဖို့အတွက် သက်သေမှာပါတဲ့ ဒုတပ်ကြပ်နိုင်လင်းကို စာရွက်တွေပေးခိုင်းတယ်။ အဲ့ဒါကို သူသိ တယ်ဆိုတဲ့အကြောင်း၊ နောက် ဒီဟာကို ဦးစီးပြီးကွပ်ကဲတာ ရဲမှူးချုပ်တင်ကိုကိုက ဦးစီးကွပ် ကဲတယ်ဆိုတဲ့ အကြောင်းကို ထွက်ဆိုပါတယ်”ဟု သတင်းထောက်နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင် တစ်ခုတွင် ရိုက်တာသတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ဒုရဲမှူး မိုးရန်နိုင်နှင့် တပ်ကြပ်ကြီး ခင်မောင်လင်းတို့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ဆိုင်မှ ပြန်အထွက်တွင် ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက်သည့် လျှို့ဝှက်စာရွက်စာတမ်းများ တွေ့ရှိခဲ့သည်ဟုဆိုကာ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ အခုထွက်ဆိုသွားတဲ့ ဒုရဲမှူးက အဲ့ဒီချိန်မှာ အချုပ်ထဲမှာရောက်နေပြီ။ ရဲအချုပ်ထဲရောက်နေပြီ။ ကိုဝလုံးတို့ကို ဖမ်းတဲ့ညမှာ။ ဒါက ဒီလို ကိုဝလုံးတို့ကို တွေ့ဖူးတယ်ဆိုတဲ့ ၆ ယောက်ကို ရဲမှူးချုပ် တင်ကိုကိုက ခေါ်လိုက်တာ။ သူတို့ ရဲတပ်ရင်း ၈ မှာ။ ခေါ်ပြီးတော့ အဲ့ဒီထဲကနေ ဘယ်သူမတွေ့ရသေးဘူးဆိုတဲ့သူကို ထောင်ချောက် သက်သေပေးဖို့ သွားပြီးတော့ပေးဖို့လုပ်တယ်။ အဲ့ဒီလိုလုပ်ပြီးတဲ့အခါမှာ သူတို့ ၆ ယောက်ကိုကြတော့ အဲ့ဒီရဲအချုပ်မှာထည့်ထားတယ်။ နောက်ပြီး အဲ့ဒီရဲအချုပ်ထဲကနေ ၄ ယောက်ကိုလွှတ်ပြီး သူနဲ့ ခင်မောင်လင်းနဲ့ နှစ်ယောက် ကျန်ခဲ့တာ” ဟု သတင်းထောက်နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

အဆိုပါအမှုကို ၁၄ ကြိမ်မြောက် အဖြစ် ယနေ့ ဧပြီလ ၁၂ ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ စစ်ဆေးနေပြီး တရားလိုပြသက်သေအဖြစ် ဒုရဲမှူး မိုးရန်နိုင်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သော ဒုရဲမှူးမိုးရန်နိုင်သည် အမှတ် ၈ လုံခြုံရေး ရဲတပ်ရင်း တွင် ယနေ့ ရုံးချိန်းအထိ ရက်ပေါင်း ၁၂ဝ ကျော် ဖမ်းချုပ်ခံထားရပြီး မိသားစုနဲ့ တွေ့ခွင့်မရ သေးကြောင်း သိရသည်။

လက်ရှိတွင် အမှုနှင့် ပတ်သက်ပြီး စစ်ဆေးရန် တရားလိုပြသက်သေက ၂၅ ယောက်ရှိကာ ဒုရဲမှူးမိုးရန်နိုင် အပါအဝင် တရားလိုပြသက်သေက ၁၈ ယောက်ထိ စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။