ဆီးရီးယားသို့ တပ်ကူများပို့ဆောင်ရန် ဆော်ဒီဆွေးနွေး

ဆီးရီးယားသို့ တပ်ကူများပို့ဆောင်ရန် ဆော်ဒီဆွေးနွေး

ရီယက်ဒ်၊ ဆော်ဒီအာရေဗျ၊ ဧပြီ ၁၈ ။            ။ ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး အဒယ်လ်အယ်လ်ဂျူဘီယာက ၄င်းတို့သည် စစ်မက်ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံ၌ တည်ငြိမ်မှုရရှိအောင်စွမ်းဆောင်ပေးနေသော အမေရိကန်ဦးဆောင်သည့်အဖွဲ့ကို အကူအညီ ပေးရန်အတွက် တပ်ကူများပို့ဆောင်ဖို့ ဆွေးနွေးနေပြီဖြစ်ကြောင်း အင်္ဂါနေ့က အတည်ပြုခဲ့သည်။

“ ဆီးရီးယားပဋိပက္ခစတင်ဖြစ်ပွားလာတဲ့ လွန်ခဲ့တဲ့ ၂၀၁၁ လောက်ကတည်းက ကျနော်တို့ဟာ ဆီးရီးယားကို တပ်ကူတွေပို့ဖို့ ဆွေးနွေးဖူးပါတယ်။ ယခုလည်း အမေရိကန်တို့နဲ့ ထပ်မံဆွေးနွေးနေပါတယ်” ဟု ဂျူဘီယာက ရီယက်ဒ်မြို့တော်၌ ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်နှင့်အတူပြုလုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲ၌ ပြောခဲ့သည်။

ပြီးခဲ့သောတနင်္လာနေ့က ဝေါစတရိဂျာနယ်မှ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် ဆော်ဒီအာ ရေဗျနှင့် ယူအေအီးနိုင်ငံတို့မှအပါအဝင် အာရပ်တပ်ဖွဲ့များကိုအသုံးပြုကာ ဆီးရီးယားအရေးကို တည်ငြိမ်အောင် ကြိုးပမ်းနေသည်ဟု ဖော်ပြခဲ့အပြီးတွင် ယခုလို ဆော်ဒီဘက်မှ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်တပ်ဖွဲ့များသည်လည်း ယခုအခါတွင် ဆီးရီးယားခေါင်းဆောင် ဘာရှာအယ်လ်အာဆက်၏ ဓာတုလက်နက်ထိန်းသိမ်းရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ရက်ပိုင်း အကြာတွင် ယခုလို အာရပ်တပ်ကူများ ပို့ဆောင်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

ဂျူဘီယာက ဆီးရီးယားသို့ တပ်ကူများပို့ဆောင်မည့်အစီအစဉ်သည် အစီအစဉ်အသစ်မဟုတ်ကြောင်းကိုလည်း အလေးပေးပြောဆိုခဲ့သည်။

“ကျနော်တို့ဟိုးအရင်ကလည်း တကယ်လို့အမေရိကန်အနေနဲ့ ဆီးရီးယားကို ၄င်းတို့တပ်တွေပို့ဆောင်မယ် ဆိုရင် ဆော်ဒီအစိုးရအနေနဲ့ တပ်ကူတွေပို့ဆောင်ပေးမယ်လို့ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား ကို ကမ်းလှမ်းခဲ့ဖူးပါတယ်” ဟု ဂျူဘီယာက ဆိုခဲ့သည်။

ဆီးရီးယားပဋိပက္ခသည် အာရပ်ဒေသအတွင်း၌ အဆိုးရွားဆုံးဖြစ်ပျက်နေသော ကိစ္စတစ်ခုဖြစ်ပြီး ဆော်ဒီနှင့် ၄င်းတို့၏မဟာမိတ်များသည် ဆီးရီးယားအတိုက်အခံအဖွဲ့ဘက်မှ ရပ်ခံပေးနေသလို ဆီးရီးယားအစိုးရဘက်မှ ဆော်ဒီ၏မဟာရန်ဘက်ဖြစ်သော အီရန်နှင့် လက်ဘနွန်မဟာမိတ် ဟစ်ဇ်ဘိုလာတို့က ၀န်းရံပေးနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly