ဆီးရီးယားထိုးစစ်က နိုင်ငံတကာအသိုင်းအဝန်းအတွက် ဂုဏ်ယူစရာဟု မက်ခရွန် ပြော

ဆီးရီးယားထိုးစစ်က နိုင်ငံတကာအသိုင်းအဝန်းအတွက် ဂုဏ်ယူစရာဟု မက်ခရွန် ပြော

ပါရီ၊ ဧပြီ ၁၇ ။           ။ ဓာတုလက်နက်သုံးစွဲမှုအရေး ဆီးရီးယားနိုင်ငံကို စီးနင်းခဲ့သည်မှာ နိုင်ငံတကာအသိုင်းအဝန်းအတွက် ဂုဏ်ယူစရာဖြစ်ကြောင်း ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်က ပြောသည်။

ဆီးရီးယားက ဓာတုလက်နက်တည်ရာနေရာများကို ပစ်မှတ်ထားကာ ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့က လေကြောင်းထိုးစစ်များ ဆင်နွှဲခဲ့သည်ဟု ကာကွယ်ခုံခံလျက် ၎င်းက ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

“သုံးနိုင်ငံရဲ့ ခုလို ကြားဝင်ဆောင်ရွက်ခဲ့မှုဟာ ကျွန်တော့်ကို တော်တော်လေး ထင်သာမြင်သာ ဖြစ်စေတယ်။ ဂုဏ်ယူစရာဖြစ်စေတယ်။ ဒါဟာ နိုင်ငံတကာအသိုင်းအဝန်းအတွက် အမှန် ဂုဏ်ယူရမယ့် ကိစ္စပဲ။”ဟု ဥရောပပါလီမန်တွင် ခုံခံချေပရေးအဖြစ် မက်ခရွန်က ပြောခြင်းဖြစ်သည်။

ဆီးရီးယားနိုင်ငံ ဒူမာအရပ်တွင် ဓာတုလက်နက် တိုက်ခိုက်မှုဖြစ်ခဲ့သည်ဆိုကာ အနောက်အုပ်စုက ဆီးရီးယား အာဆတ်အစိုးရကို အပြစ်ဆိုပြီး ယင်းအတွက် လက်တုံ့ပြန်ကာ လေကြောင်းထိုးစစ်များ ဆင်နွှဲခဲ့သည်။

ထိုကဲ့သို့ ပြင်သစ်၊ အမေရိကန်နှင့် ဗြိတိန်တို့၏ လေကြောင်းတိိုက်ခိုက်မှုသည် ကုလသမဂ္ဂ လုံခြံုရေးကောင်စီ၏ ခွင့်ပြုချက် မရှိထားရာ ဝေဖန်မှုများ ရှိနေသည်။

ယင်းသုံးနိုင်ငံ၏ အသီးသီးသော လွှတ်တော်များ၏ ခွင့်ပြုချက်လည်း မပါသော စီးနင်းတိုက်ခိုက်မှုဖြစ်၍ ဝေဖန်မှုများ ရှိနေခြင်းဖြစ်သကဲ့သို့ ဆီးရီးယား၏ မဟာမိတ် ရုရှကလည်း ရှုတ်ချပြစ်တင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags