ရန်ကုန်၊ ဧပြီလ ၁၁ ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ပိန္နဲတောင်ကျေးရွာတွင် အမျိုးသားတစ်ဦး မိုးကြိုးထိမှန် သေဆုံး ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဧပြီလ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ လပွတ္တာမြို့နယ်၊ ပိန္နဲတောင်ကျေးရွာနေ အသက် ၃၆ နှစ်အရွယ် ဇော်မျိုးဆိုသူက ဧပြီလ ၁ဝ ရက်၊ ညနေ ၄ နာရီ၊ ၄၅ မိနစ်အချိန်ခန့်တွင် ပိန္နဲတောင်ကျေးရွာတောင်ဘက်ရှိ လယ်ကွင်းဘက်သို့ သွားရောက်ခဲ့ ကြောင်းသိရသည်။
ယင်းလယ်ကွင်းအရောက်တွင် ကောက်ရိုးပုံအနီး၌ မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်ပြီး ဝဲနားသွေးထွက်၊ ကျောဘက် ညိုမဲဒဏ်ရာများနှင့် ဦးခေါင်းနောက်ရှိ ဆံပင်များ မီးလောင်ကျွမ်း သေဆုံးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဂုန်မင်းကွင်းကျေးရွာနှင့် ရွာမကျေးရွာ တွင် အမျိုးသမီး ၂ ဦး မိုးကြိုးထိမှန်ခဲ့ကာ တစ်ဦးသေဆုံးခဲ့ပြီး ရွာမကျေးရွာတွင် အမျိုးသားတစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ ၂၃ ရက်မှ ၂၉ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုနှင့် ဘုတ်ပြင်းမြို့တွင် မိုးကြိုးထိမှန်ကာ လူ ၃ ဦးထိ သေဆုံးခဲ့သည်။
၂ဝ၁၇ ခုနှစ်၊ မိုးကြိုကာလဖြစ်သည့် ဧပြီလ ၁ ရက်မှ မေလ ၅ ရက်နေ့ထိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တစ်နိုင်ငံလုံးအနေအထားဖြင့် ကောက်ယူထားသော စာရင်းများအရ မိုးကြိုးထိမှန် သေဆုံးသူဦးရေမှာ ၂၁ ဦးထိရှိပြီး ဒဏ်ရာရရှိသူမှာ ရ ဦးရှိကြောင်း သိရသည်။