ဆီးရီးယားဓာတုလက်နက်တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရန် အမေရိကန် အဆိုပြုချက် ရုရှက ဗီတိုသုံးပယ်ချ

ဆီးရီးယားဓာတုလက်နက်တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရန် အမေရိကန် အဆိုပြုချက် ရုရှက ဗီတိုသုံးပယ်ချ

 

ကုလသမဂ္ဂ၊ ဧပြီ ၁၁ ။            ။ ဆီးရီးယားအစိုးရကို အမေရိကန်က စစ်ရေးအရအရေးယူဖြစ်ရေး ပိုမိုနီးစပ်လာသည့် လက္ခဏာတစ်ရပ်အဖြစ် ဆီးရီးယားတွင် ဓာတုလက်နက်သုံးတိုက်ခိုက်မှုဖြစ်ပွားသည်ကို စုံစမ်းစစ်ဆေးရေး ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချရန် အမေရိကန်က အဆိုပြုလာချက်ကို ရုရှက ဧပြီ ၁၀ ရက်တွင် ဗီတိုအာဏာသုံးကာ ပယ်ချလိုက်သည်။

ကုလသမဂ္ဂ လုံခြံုရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံတွင် ၁၂ နိုင်ငံက ထောက်ခံသည့် ယင်းအဆိုပြုချက်အား ရုရှက ၎င်း၏ ဗီတိုအာဏာသုံးပိုင်ခွင့်ဖြင့် ပယ်ချလိုက်ခြင်း ဖြစ်သည်။

အမေရိကန်က ဆီးရီးယားတွင် စစ်ရေးအရ အရေးယူမှုကို ခြေလှမ်းလာခြင်းဟု ဆိုကာ ရုရှအနေဖြင့် ယင်းကို လက်သင့်ခံနိုင်ခြင်းမရှိ၍ ပယ်ချခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ဆီးရီးယားနိုင်ငံ ဒူမာအရပ်တွင် လူပေါင်း ၄၂ ဦး သေဆုံးသည့် ဓာတုလက်နက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းအား လုံခြံုရေးကောင်စီအနေဖြင့် တုံ့ပြန်အရေးယူရန် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟေလီက ဧပြီ ၉ ရက်က တောင်းဆိုတိုက်တွန်းထားသည်။

အကယ်၍ လုံခြံုရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ရုရှက ဗီတိုသုံး ပယ်ချခဲ့ပါက အဆိုပါ ဓာတုတိုက်ခိုက်မှုအတွက် ဆီးရီးယားအစိုးရအနေဖြင့် တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရန် အမေရိကန်က တစ်ဦးတည်း အရေးယူဆောင်ရွက်ရန် ပြင်ဆင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ဧပြီ ၁၀ ရက်တွင် ရုရှက ဗီတိုအာဏာသုံးလိုက်ပြီးနောက် ဟေလီက ဒူမာဓာတလက်နက်တိုက်ခိုက်မှုကို မည်သည့်တုံ့ပြန်မှုမှ မရှိဘဲ ထားခွင့် ပြုမည်မဟုတ်ကြောင်း ပြောပြီး ရုရှကိုလည်း ဆီးရီးယားက အာဆတ်အစိုးရကို ကာကွယ်ရေးအတွက် လုံခြံုရေးကောင်စီ၏ ယုံကြည်မှုကို ဖျက်လိုဖျက်ဆီး လုပ်ပစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly