နေပြည်တော်၊ သြဂုတ် ၂၈ ။ ။ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) ထံမှ ဂျပန်ယန်း ၉၉.၈၅၀ ဘီလီယံအား ဝန်ကြီးဌာနသုံးခု အတွက်ချေးယူခွင့် ကိုပြည်ထောင် စုလွှတ်တော်က သြဂုတ် ၂၈ ရက်တွင် အတည်ပြု လိုက်သည်။
ချေးယူခွင့် ရရှိသော ဝန်ကြီးဌာန သုံးခုမှာ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ဖြစ်သည်။
ချေးယူရာတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဂျပန်ယန်း ဘီလီယံ ၂၄.၈၆၆ ဘီလီယံ၊ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန မှ ဂျပန်ယန်း ၄၁.၁၁၅ ဘီလီယံနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဂျပန်း ဘီလီယံ ၃၃.၈၆၉ ချေးယူခွင့်ကို သြဂုတ် ၂၇ ရက်က ကျင်းပသည့် ၁၂ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး နောက်ဆုံး နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။
ပြည်ထောင်စု ဝန်ကြီးဌာန ၃ခုက အဆိုပါ ချေးငွေများကို ရန်ကုန်မြို့ပါတ်ရထားလမ်းစီမံကိန်း၊ အမျိုးသား လျှပ်စစ်ဖြန့်ဖြူးမှုကွန်ယက် အဆင့်မြှင့်တင်ခြင်းစီမံကိန်း အဆင့် (၂) နှင့် အရှေ့အနောက် စီးပွားရေးစြင်္ကန် လမ်းပေါ်ရှိ တံတားများအား အဆင့် မြှင့်တင်းခြင်း စီမံကိန်းများ အတွက်အသုံးပြုရန် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ လုပ်ငန်းစီမံကိန်းများသည် လိုအပ်သည့်လုပ်ငန်းများဖြစ်နေခြင်းနှင့် အတိုးနှုန်းလွန်စွာ နည်းပါး သည့် ချေးငွေဖြစ်နေခြင်းကြောင့် မူအားဖြင့်ထောက်ခံကြောင်းနိုင်ငံခြားချေးငွေ ၊ပြည်တွင်းချေးငွေဖြင့် ဆောက်ရွက်နေ သော စီမံကိန်းလုပ်ငန်းမှန်သမျှကို လေလွင့် ဆုံးရှုံးမှုမရှိအောင်၊ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ရန်လိုကြောင်း ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က ပြည်ထောင်စု လွှတ်တော်၌ဆွေးနွေးခဲ့ သည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောကြပ် တည်းမှုဖြေလျော့ရန်၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးရန် နှင့် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
အတွက် အရေးပါသော အရှေ့ အနောက် စီးပွားရေးစြင်္ကန်လမ်းမကြီးပေါ်ရှိ တံတားများအား အဆင့်မြှင့်တင် တည်ဆောက်ရန် တို့မှာ ချေးငွေအတွက် ထောက်ခံရသည့် အကြောင်းရင်း
ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းမှုကော်မတီ ကိုယ်စား မင်းလှ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုး က ဆွေးနွေး သည်။
ချေးငွေနှင့်စပ်လျဉ်း၍ ဦးမောင်တိုး (မင်းလှမဲဆန္ဒနယ်) ၊ ဒေါ်တင်နွယ်ဦး ( ဒဂုံမြို့သစ် မြောက်ပိုင်း မဲဆန္ဒနယ်)၊ ဒေါ်ခင်စန်းလှိုင်(ပုလဲမဲဆန္ဒနယ်) ၊ ဦးခမိုင်မုန်ကွမ် ( ဆွမ်ပရာဘွမ် မဲဆန္ဒနယ်)၊
ဒေါ်ခင်မွှေးလွင် ( မင်းကင်းမဲဆန္ဒနယ်) တို့က ပြည်ထောင်စု လွှတ်တော် တွင် ဆွေးနွေးခဲ့ကြသည်။