စတုတ္ထမျိုးဆက် NLD လူငယ်များအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာရန် ဦးဝင်းထိန် တိုက်တွန်း

စတုတ္ထမျိုးဆက် NLD လူငယ်များအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာရန် ဦးဝင်းထိန် တိုက်တွန်း
ဓာတ်ပုံ - Lin War

 

နေပြည်တော်၊ ဧပြီလ ရ ။                         ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်တိုးတက်ရေးအတွက်လုပ်နေချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါသော ကန့်သတ်ချက်များကြောင့် ရှေ့တိုးတိုင်း နောက်သို့ ပြန်ရောက်နေ သည့်အတွက် NLD လူငယ်များကို အဆိုပါ ဥပဒေကို လေ့လာရမည်ဖြစ်သည်ဟု သဘာပတိ အဖွဲ့ဝင် ဦးဝင်းထိန်က တိုက်တွန်းခဲ့သည်။

“ငြိမ်းချမ်းရေး ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အဲ့ဒီဟာတွေ ပြုနိုင်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဟာ အင်မတန် အရေးပါတယ်။ အဲ့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အရေးပါတယ်ဆိုလို့ရှိရင် သားတို့၊ သမီးတို့ဟာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာရမယ်။ ဘယ်အချက်တွေက အနှောင့်အယှက် ပေးနေ သလဲ၊ ဘယ်အချက်တွေက ပြင်ဖို့လိုတယ် ” ဟု ဦးဝင်းထိန်က ဆိုသည်။

ယနေ့ ဧပြီလ ရ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပပြု လုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ အဖွင့်မိန့်ခွန်းတွင် ပြောခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယနေ့ တွေ့ဆုံခဲ့သည့် လူငယ်များထဲတွင် အသက်ငယ်သော်လည်း ထက်မြက်သော ပုဂ္ဂိုလ်များ ပါ၀င်နေသည်ကို ကြားသိရသောကြောင့် NLD ပါတီ၏ အလားအလာသည် နောင်တစ်ချိန်တွင် ကောင်းမွန်လိမ့်မည်ဟု ယုံကြည်ကြောင်း အရည်အချင်းများကို တိုးတက်အောင်နှင့် နှိမ့်ချသော စိတ်ထားမျိုးရှိအောင် ယခု အရွယ်ကတည်းက မွေးရမည်ဟု ပြောကြားသည်။

“ကျွန်တေ်ာတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြ ာမကြာပြောဖူးတဲ့ ဆရာမွေး တပည့်မွေးအလုပ် ၊ လှေကြီးပေါ်မှာ လှေငယ်တင်တဲ့ အလုပ် ဒါတွေကို ကြပ်ကြပ်ရှောင်ရမယ်။ ဒီအသက်အရွယ်မှာ ဒီလိုရှောင်နိုင်မှ လူကြီးအရွယ်မှာ သမမျှတတဲ့ ခေါင်းဆောင်တွေဖြစ်မှာ” ဟု ဆက်လက်ပြောသည်။

ထို့အပြင် ယခု မြန်မာနိုင်ငံ၏ မျှော်လင့်ချက်၊ အနာဂတ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ထံတွင်သာ ရှိသောကြောင့် ယခုကဲ့သို့ ကာလမျိုးတွင် လူငယ်များ အနေဖြင့်အထူးကြိုးစားဖို့ လိုကြောင်း   ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly