မက္ကဆီကိုနယ်စပ်တွင် စစ်တပ်ဖြန့်ကြက်မည်ဟု သမ္မတ ထရမ့် စိတ်ပိုင်းဖြတ်ပြောဆို

မက္ကဆီကိုနယ်စပ်တွင် စစ်တပ်ဖြန့်ကြက်မည်ဟု သမ္မတ ထရမ့် စိတ်ပိုင်းဖြတ်ပြောဆို

 

ဝါရှင်တန်ဒီစီ၊ ဧပြီ ၅ ။                      ။ ဗဟိုအမေရိကမှ ရွှေ့ပြောင်းသူအသုတ်လိုက်သည် မက္ကဆီကိုကိုဖြတ်ကာ အမေရိကန်သို့ ဝင်ရောက်နေကြခြင်းကြောင့် အမေရိကန်တောင်ပိုင်း နယ်စပ်လုံခြုံရေးအတွက် စစ်တပ်ဖြန့်ကြက်ရန် သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၃ ရက်တွင် စိတ်ပိုင်းဖြတ်ပြောဆိုသည်။

အယ်ဆာဗေဒို၊ ဂွါတီမာလာနှင့် ဟွန်ဒူးရပ်စ်တို့မှ ရွှေ့ပြောင်းဝင်ရောက်သူ ခန့်မှန်း ၁၅၀၀ ကို ပိတ်ဆီးထားရန် ပျက်ကွက်ခြင်းကြောင့် အမေရိကန်ခေါင်းဆောင် ထရမ့်က မက္ကဆီကိုအစိုးရကို သုံးရက်ကြာ ထိုးနှက်ပြောဆိုနေခဲ့သည်။

“နယ်စပ်တံတိုင်းနဲ့ စိတ်ချရတဲ့ လုံခြုံရေး မတည်ဆောက်မနိုင်သေးခင်အထိ ကျွန်တော် နယ်စပ်မှာ စစ်တပ်ကို စောင့်ကြပ်ခိုင်းထားမယ်။”ဟု သတင်းထောက်များအား ထရမ့်က ပြောသည်။

 အိမ်ဖြူတော်၏ ညနေပိုင်းထုတ်ပြန်ချက်တွင် ထရမ့်၏ အစီအစဉ်မှာ အမျိုးသားအစောင့်တပ်ကို ရွှေ့ပြောင်းချထားရေး ပါဝင်ကြောင်း၊ အမေရိကန်ဥပဒေအရ တားမြစ်ထားမည်ဖြစ်သည့် တင်းပြည့်စစ်မှုထမ်းများကို ဖြန့်ကြက်ခြင်း မဟုတ်ကြောင်း ဖော်ပြထားသည်။

“သမ္မတ ထရမ့်နဲ့အတူ လက်ရှိအကြီးတန်းတာဝန်ရှိသူတွေကလည်း သဘောတူကြပါတယ်။ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးနဲ့ အစွန်းရောက်တွေအတွက် ဂယ်ပေါက်ဖြစ်နေတာကို ဥပဒေအရ ပိတ်ဆို့နိုင်ရေးအတွက် ကွန်ဂရက်လွှတ်တော်က အတည်ပြုချက်ရအောင် ဖိအားပေးသွားကြမှာဖြစ်ပါတယ်။”ဟု ယင်းထုတ်ပြန်ချက်က ဖော်ပြသည်။

သမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကိုနိုင်ငံသည် တရားမဝင်ရွှေ့ပြောင်းဝင်ရောက်ကြခြင်းများကို အားပေးအားမြှောက်ပြုကာ အကျိုးစီးပွားဖန်တီးနေကြောင်း စွပ်စွဲပြောဆိုသည်။ ၎င်း၏ ၂၀၁၆ မဲဆွယ် ကတိစကားတွင်လည်း ယင်းသို့သော နိုင်ငံတွင်း ခိုးဝင်မှုများကို ရပ်တန့်အောင် လုပ်ဆောင်မည်ဟု ကတိပေးထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly